![]()
ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာဈေးတန်း ဗုံးကြဲခံရမှုအတွင်း သေဆုံးသူအရေအတွက်မှာ (၁၉) ဦးအထိ ရှိလာပြီဖြစ်ကြောင်း နောက်ဆက်တွဲ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်၊ နေ့လယ် ၂ နာရီ ၇ မိနစ်အချိန်တွင် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်တစ်စင်းသည် လူစည်ကားရာ ယိုးငူရွာဈေးတန်းကို ပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ (၁၉) ဦးနှင့် ဒဏ်ရာရရှိသူ (၁၃) ဦး၊ စုစုပေါင်း ထိခိုက်သေဆုံးသူ (၃၂) ဦး ရှိလာခဲ့ရာ ၎င်းတို့အနက် (၇) ဦးမှာ အရွယ်မရောက်သေးသည့် ကလေးငယ်များ ဖြစ်ကြသည်။
ယိုးငူကျေးရွာသည် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်များအတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာရသည့် စစ်ဘေးရှောင်ပြည်သူများ အဓိက မှီခိုအားထားနေရသည့် နေရာတစ်ခုဖြစ်သည်။

နေ့စဉ်စားဝတ်နေရေးအတွက် ဈေးရောင်းဈေးဝယ်များဖြင့် စည်ကားနေချိန်တွင် ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်ခံရခြင်းကြောင့် အကျအဆုံး ပိုမိုများပြားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယိုးငူရွာ ဖြစ်စဉ်မတိုင်မီ ရက်ပိုင်းအတွင်းကလည်း ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်များတွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း ရခိုင်ဒေသတွင်း သတင်းများက ဖော်ပြသည်။

ကျောက်ဖြူမြို့နယ်၊ မိကျောင်းရေသောက်ကျေးရွာနှင့် ရမ်းဗြဲမြို့နယ်၊ သရက်ချိုကျေးရွာတို့ကို လေကြောင်းမှ ဗုံးကြဲခြင်းနှင့် စက်သေနတ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် အမျိုးသမီးများအပါအဝင် အရပ်သား ၄ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
ဖေဖော်ဝါရီလ တတိယပတ်အတွင်း ရခိုင်ပြည်နယ်ရှိ ကျေးရွာများနှင့် လူစည်ကားရာနေရာများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် တစ်ပတ်အတွင်း စုစုပေါင်း သေဆုံးသူ ၂၃ ဦးနှင့် ဒဏ်ရာရရှိသူ ၁၅ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်သည်။
ဓာတ်ပုံ- ခင်သရဖီဦး
ပုံစာ- ပုဏ္ဏားကျွန်း၊ ယိုးငူဈေး လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း / ဖေဖော်ဝါရီ ၂၅
ပုံစာ- ပုဏ္ဏားကျွန်း၊ ယိုးငူဈေး လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း / ဖေဖော်ဝါရီ ၂၅

