![]()
သံလွင်ခက်/မတ် ၁၂
စစ်ကော်မရှင်၏ မတရားစစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ စုဆောင်းခံထားရသည့် ပြည်သူ့စစ်အပတ်စဉ် (၁၇) သင်တန်းဆင်း တပ်သားတစ်ဦးသည် ပြည်သူ့ဘက်သို့ ရဲရဲဝံ့ဝံ့ ကူးပြောင်းလာခဲ့ကြောင်း မုံရွာခရိုင်၊ အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၃) ဖြစ်သည့် “လျှပ်စီးတပ်ခွဲ” က ယနေ့ သတင်းထုတ်ပြန်သည်။
အလင်းဝင်ရောက်လာသူမှာ ကိုယ်ပိုင်အမှတ် (ပစ ၁၈၁—) ရှိ ကိုမျိုးမြင့်ခေါင် ဖြစ်ပြီး၊ ၎င်းသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့က တံတားဦးမြို့နယ်မှ မန္တလေးသို့ သွားရောက်စဉ် လမ်းခရီး၌ စစ်ကော်မရှင်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
ဖမ်းဆီးခံရပြီးနောက် ရှမ်းပြည်နယ်၊ ဟိုပုံးမြို့ရှိ ပြည်သူ့စစ်သင်တန်း အပတ်စဉ် (၁၇) သို့ အတင်းအဓမ္မ ပို့ဆောင်ခြင်းခံခဲ့ရပြီး၊ သင်တန်းဆင်းပြီးချိန်တွင် မန္တလေးတောင်ခြေရှိ စစ်ကော်မရှင်၏ အင်ဂျင်နီယာတပ်ရင်း (BE) သို့ ပြန်လည်ပို့ဆောင်ခြင်း ခံခဲ့ရသည်။
၎င်းအနေဖြင့် အဆိုပါ BE တပ်ရင်းအတွင်းမှတစ်ဆင့် လျှပ်စီးတပ်ခွဲနှင့် ချိတ်ဆက်ကာ ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာခဲ့ခြင်း ဖြစ်သည်။
“မတရားစစ်မှုထမ်းဥပဒေနဲ့ ဖမ်းဆီးခံထားရပေမဲ့ အခြေအနေပေးတာနဲ့ ပြည်သူ့ဘက်ကို ရဲရဲဝံ့ဝံ့ ကူးပြောင်းလာတဲ့ ကိုမျိုးမြင့်ခေါင်ကို ပြည်သူတစ်ရပ်လုံးကိုယ်စား ဂုဏ်ယူဝမ်းမြောက်ပါတယ်” ဟု လျှပ်စီးတပ်ခွဲ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် စစ်ကော်မရှင်၏ ဖိအားပေးမှုကြောင့် စစ်မှုထမ်းနေကြရသူများအားလုံးအနေဖြင့်လည်း အခြေအနေပေးသည်နှင့် ပြည်သူ့ဘက်သို့ အချိန်မီကူးပြောင်းလာကြရန် လျှပ်စီးတပ်ခွဲက တိုက်တွန်းနှိုးဆော်ထားသည်။
