![]()
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်းသို့ သောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၂၃ ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။
၎င်းတို့သည် မြန်မာနိုင်ငံဘက်ခြမ်းရှိ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းစု (Scam Hub) များမှ ထွက်ပြေးလွတ်မြောက်လာသူများ ဖြစ်နိုင်သည်ဟု အာဏာပိုင်များက သံသယရှိနေသည်။
မဲပကျေးရွာအုပ်စု၊ ဘန်ဝမ်ကောက် (Ban Wang Kaew) ရွာအနီးတွင် ကင်းလှည့်နေသည့် ရာ့ချ်မနူး (Rachamanu) စစ်ကြောင်းမှ ထိုင်းတပ်ဖွဲ့ဝင်များသည် အထုပ်အပိုးကိုယ်စီဖြင့် သောင်ရင်းမြစ်ကို ဖြတ်ကျော် ဝင်ရောက်လာသည့် အဆိုပါ လူအုပ်စုကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးရမိသူ စုစုပေါင်း ၂၃ ဦးတွင် အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၂ ဦး ပါဝင်ပြီး ၎င်းတို့မှာ အိန္ဒိယနိုင်ငံသား ၁၁ ဦး၊ နီပေါနိုင်ငံသား ၇ ဦး၊ အီသီယိုးပီးယားနှင့် သီရိလင်္ကာနိုင်ငံသား ၂ ဦးစီအပြင် တရုတ်နိုင်ငံသား တစ်ဦးတို့ ဖြစ်ကြောင်း အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။
၎င်းတို့အားလုံးတွင် နိုင်ငံကူးလက်မှတ် (Passport) များ ကိုယ်စီပါရှိကြပြီး အွန်လိုင်းငွေလိမ်လည်မှု ကွန်ရက်များ အခြေစိုက်ရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသရှိ လုပ်ငန်းခွင်များမှ ထွက်ပြေးလာသူများ ဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက ယူဆထားသည်။
လက်ရှိတွင် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိပြီး နောက်ခံအကြောင်းအရာများကို စိစစ်ပြီးပါက လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်သည်။
ဓာတ်ပုံ – เอก เกียรติศักดิ์ แม่สอด..
ရည်ညွှန်းကိုးကား- Thai Enquirer
#ကျားဖြန့် #ဖမ်းမိ #ထွက်ပြေး #ThanLwinKhetNews
