![]()
သံလွင်ခက်/မတ် ၂၅
ရဲဘော်တိုင်းက “မာမီ” ဟု ချစ်ခင်လေးစားစွာ ခေါ်ဝေါ်ကြသော မာမီရွှေမန်း(ခ)မစန္ဒာသည် ၂၀၂၆ ခုနှစ် မတ်လ ၂၃ ရက်နေ့ ညပိုင်းက ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။ ၎င်းသည် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်း လက်နက်ကိုင်တော်လှန်ရေးအစပိုင်းကာလများမှစ၍ ယနေ့အချိန်အထိ ရှေ့တန်းစစ်မျက်နှာပြင်မှ ရဲဘော်များအတွက် အရေးပါဆုံးသော အဟာရချက်ပြုတ်မှုတာဝန်ကို မညည်းမညူ ထမ်းဆောင်ခဲ့သူဖြစ်သည်။

မာမီရွှေမန်းသည် ၂၀၂၁ ခုနှစ် မေလခန့်က လေးကေ့ကော်ဒေသတွင် ဖွင့်လှစ်ခဲ့သော ကနဦး PDF စစ်သင်တန်းများမှစ၍ တော်လှန်ရေးထဲသို့ ဝင်ရောက်လာသူဖြစ်သည်။ ယင်းအချိန်တွင် အသက် ၄၅ ဝန်းကျင် အရွယ်ရှိပြီဖြစ်သော်လည်း ခင်ပွန်းဖြစ်သူ ဦးလတ်နှင့်အတူ လူငယ်များနှင့်တန်းတူ စစ်သင်တန်းကို ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့သည်။ သင်တန်းဆင်းပြီးချိန်မှစ၍ တော်လှန်ရေးသက်တမ်း လေးနှစ်ကျော်ကာလပတ်လုံး Cobra စစ်ကြောင်း၏ စားဖိုဆောင်တွင် တာဝန်ယူကာ ရာနဲ့ချီသော ရဲဘော်များ၏ နေ့စဉ်စားသောက်ရေးကို စီမံခန့်ခွဲ ချက်ပြုတ်ပေးခဲ့သည်။

ရှေ့တန်းစစ်မြေပြင်တွင် စစ်တိုက်ရန်အတွက် ပြင်ဆင်ရသည့် လုပ်ငန်းများစွာမှာ အလွန်ပင်ပန်းခက်ခဲလှသည်။ မာမီရွှေမန်းသည် နေ့စဉ် ရဲဘော်များ ထမင်းမစားရဘူးဆိုသည်မျိုး မဖြစ်စေရန် မိုးလင်းမှမိုးချုပ် နေ့မအားညမနား ချက်ပြုတ်ကျွေးမွေးခဲ့သည်။ ရဲဘော်များအပေါ် သားသမီးအရင်းများကဲ့သို့ သဘောထားကာ အစားအသောက်များကို ဂရုတစိုက် ခူးခပ်ကျွေးမွေးလေ့ရှိသည်။
စကားပြောဆိုရာတွင် ပွင့်လင်းပြတ်သားပြီး အပြောအဆိုကြမ်းတမ်းတတ်သော်လည်း စိတ်ထားအလွန်နူးညံ့သူတစ်ဦးအဖြစ် ရဲဘော်များက အမှတ်ရနေကြသည်။ တိုက်ပွဲအတွင်း ရဲဘော်တစ်ဦးကျဆုံးပါက သို့မဟုတ် ထိခိုက်ဒဏ်ရာရပါက ရှေ့ဆုံးမှသွားရောက်ကာ လိုအပ်သည်များကို ဆေးခန်းတွင် ကူညီပေးခြင်း၊ အားပေးစကားပြောခြင်းများ ပြုလုပ်ပေးလေ့ရှိပြီး နာရေးကိစ္စများကိုလည်း အစအဆုံး တာဝန်ယူဆောင်ရွက်ပေးခဲ့သည်ဟု ရဲဘော်များက အမှတ်တရပြောဆိုခဲ့သည်။

ခင်ပွန်းဖြစ်သူ ဦးလတ်သည်လည်း ရှေ့တန်းတွင် လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိခဲ့ဖူးသော်လည်း ဇနီးမောင်နှံနှစ်ဦးစလုံးမှာ တော်လှန်ရေးအပေါ် ယုံကြည်ချက် ခိုင်မာစွာဖြင့် တာဝန်များကို ဆက်လက်ထမ်းဆောင်ခဲ့ကြသည်။ မာမီရွှေမန်းသည် တော်လှန်ရေးမှ ထွက်ခွာသွားသော ရဲဘော်ဟောင်းများကိုပင် အစဉ်သတိရနေပြီး ပြန်လည်လာရောက်ရန် မျှော်လင့်နေတတ်သူဖြစ်သည်။
“မာမီ” ဟူသော နာမည်နှင့်လိုက်ဖက်စွာ စစ်ကြောင်းမှသည် ဗျူဟာအဆင့်အထိ ရဲဘော်များအတွက် ချက်ပြုတ်ကျွေးမွေးရင်း စိတ်ပူပေးရင်းဖြင့် သူချစ်သော မိသားစုနှင့် ရဲဘော်များကို စွန့်ခွာကာ တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း စားဖိုအနီး၌ပင် အသက်ပေးလှူသွားခဲ့ပြီ ဖြစ်သည်။

ယင်းနေ့တွင်ပင် တော်လှန်ရေးလူငယ်တစ်ဦးဖြစ်သူ အသက် ၂၈ နှစ်အရွယ်ရဲဘော်ဘုန်းကြီးနှင့် အသက် ၂၇နှစ်အရွယ် ခင်မောင်တို့ ကျဆုံးခဲ့ရသည်။ မာမီရွှေမန်းသည် မတ်လ ၂၄ ရက်တွင် ကျရောက်မည့် သူ၏မွေးနေ့မတိုင်မီ တစ်ရက်အလိုတွင် ယခုကဲ့သို့ ကျဆုံးခဲ့ရခြင်းဖြစ်သည်။
တော်လှန်ရေးအောင်မြင်ရန်အတွက် ရှေ့တန်းမှ လက်နက်ကိုင်တိုက်ပွဲဝင်နေသူများသာမက ကျရာနေရာမှ အသက်စွန့်ကာ အားဖြည့်ပေးနေသော မာမီရွှေမန်းကဲ့သို့သော အာဇာနည်များ၏ အခန်းကဏ္ဍသည်လည်း သမိုင်းတွင် အစဉ်အမြဲ မှတ်တမ်းဝင်နေမည် ဖြစ်သည်။

ဓါတ်ပုံ – ကိုဏီတာ(သံလွင်ခက်)