![]()
ခင်သရဖီဦး/ဧပြီ ၄။ ပုံ – ရခိုင်မှ မူဆလင် များအားတွေ့ရစဥ် ( Photo – သံလွင်ခက် )
အာရက္ခတပ်တော် AA နှင့် စစ်ကော်မရှင်တို့ကြား မြေပြင်ထိုးစစ် အရှိန်မြင့်နေသည့် ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် စစ်ကော်မရှင်၏ ရဲတပ်ရင်း အနီးအနားရှိ မူဆလင်ကျေးရွာများကို အတင်းအဓမ္မ ဖျက်ဆီးဖယ်ရှားနေကြောင်း ဒေသခံများထံမှ သိရသည်။
ထိုသို့ ဖျက်ဆီးခြင်းကို ဧပြီ ၃ ရက်မှ စတင်လုပ်ဆောင်နေခြင်း ဖြစ်ပြီး စစ်တွေမြို့ အမှတ် ၁၂ ရဲတပ်ရင်းအနီးရှိ သံတော်လီကျေးရွာနှင့် အင်ဘာရီကျေးရွာတို့ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက စတင်ဖြိုဖျက်နေခြင်း ဖြစ်သည်။
နေအိမ်ဖျက်ဆီးခံလိုက်ရသည့် မူဆလင်ဒေသခံတစ်ဦးက “ကျွန်တော်တို့မှာ နေစရာ နေရာမရှိဘူး။ အခုတော့ မြို့ထဲက လူမနေတဲ့ အိမ်တွေနဲ့ ဘုန်းကြီးကျောင်းနားတွေမှာ ဖြစ်သလို ကပ်နေနေရတယ်။ အားလုံးက လမ်းပေါ်ရောက်သွားတဲ့ သဘောပဲ” ဟု ဆိုသည်။

အဆိုပါကျေးရွာများကို AA က ဝင်ရောက်ပြီး တိုက်ပွဲဖော်ဆောင်လာမည်ကို စစ်ကော်မရှင်က စိုးရိမ်နေသည်။ ထို့ကြောင့် သင်္ကြန်ကာလမတိုင်မီ အပြီးသတ်ဖျက်ဆီးရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးက ပြီးခဲ့သည့် မတ်လအတွင်းကပင် အမိန့်ပေးခဲ့ခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကော်မရှင်သည် စစ်တွေမြို့ပြင်ရှိ ရခိုင်ကျေးရွာများမှ ဒေသခံများကိုလည်း မြို့တွင်းသို့ နှင်ထုတ်ထားသည်။ ထို့အပြင် ၎င်းတို့၏ နေအိမ်များကို ဖြိုဖျက်ရောင်းချခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို ဆက်တိုက် လုပ်ဆောင်နေသည်ဟု ဒေသခံများထံမှ သိရသည်။
မြို့တွင်းသို့ ရောက်ရှိလာသည့် မူဆလင်များကိုလည်း AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။
စစ်တွေဒေသခံတစ်ဦးက “ဖမ်းဆီးခံရတဲ့ မူဆလင်လူငယ်တွေ၊ ရခိုင်လူငယ်တွေကို စစ်ကောင်စီက စစ်သင်တန်းပေးတယ်။ နောက်ပြီး ရှေ့တန်းစစ်မျက်နှာမှာ အဓမ္မ စစ်မှုထမ်းခိုင်းတာတွေလည်း ရှိတယ်” ဟု ဆိုသည်။

လက်ရှိတွင် စစ်တွေမြို့၌ စစ်ကော်မရှင်က ခံစစ်အတွက် ပြင်ဆင်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေသည်။ ထို့အပြင် စစ်အင်အား တိုးချဲ့မှုများကိုလည်း ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
တစ်ဖက်တွင်လည်း အရပ်သားများမှာမူ မြို့ထဲတွင် ပိတ်မိကဲ့သို့ဖြစ်နေကာ အိုးအိမ်မဲ့ဖြစ်မှုနှင့် စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ကို ခံစားနေကြရသည်။
#စစ်တွေ #မူဆလင်ကျေးရွာ #စစ်ကော်မရှင် #ဖျက်ဆီး #ThanLwinKhetNews
