![]()
ခင်သရဖီဦး/မတ် ၂၄။ ပုံစာ – ဗုံးကြဲ ခံရသည့် စနဲမြို့အား တွေ့ရစဥ်/Photo crd – Apm
အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ အရပ်သားများ နေထိုင်ရာ ကျေးရွာများကို စစ်ကော်မရှင်က ဒရုန်းနှင့် လေကြောင်းအသုံးပြု၍ ရက်ဆက်ဗုံးကြဲ တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ မတ်လ ၂၃ ရက်၊ မွန်းတည့် ၁၂ နာရီခန့်တွင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ရှိ အလယ်ပိုင်းရပ်ကွက်အတွင်းသို့ စစ်ကော်မရှင်တပ်က ဒရုန်း ၄ စီးဖြင့် ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ ၄ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု အသက် ၃၀ အရွယ် ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“စနဲမြို့က အလယ်ပိုင်းရပ်ကွက်မှာ ဒရုန်းနဲ့လာပြီး ဗုံးချသွားတာပါ။ လူတွေကတော့ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရသွားတာတွေရှိတယ်။ ဒဏ်ရာပြင်းထန်တဲ့လူတွေလည်းပါတယ်။ နေအိမ်တွေလည်း ပျက်စီးသွားတာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် လူနေအိမ် ၅ လုံးခန့်နှင့် ဈေးဆိုင်ခန်းအချို့ မီးလောင်ပျက်စီးသွားခဲ့သည်။
ဒဏ်ရာရရှိသူများမှာ မောင်မောင်ကြီး (၁၃ နှစ်)၊ ကိုဟိန်းထက်ဇော် (၂၁ နှစ်)၊ မမြင့်ရွှေရည် (၂၉ နှစ်) နှင့် ဒေါ်မခင်သိန်း (၇၅ နှစ်) တို့ဖြစ်ပြီး လက်ရှိတွင် နီးစပ်ရာ ဆေးပေးခန်းများ၌ အရေးပေါ်ကုသမှု ခံယူနေရကြောင်း သိရသည်။
ထို့အပြင် ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကျောင်းဆောင်တစ်ခုလုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။
“ကျောက်ဖြူဘက်မှာ စစ်တပ်က အခုနေ့တိုင်းဆိုသလို Y-12 တွေ၊ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာပါ။ ဒေသခံတွေကတော့ စိုးရိမ်မှုတွေများနေပြီး ထွက်ပြေးတိမ်းရှောင်ရသူတွေလည်း များလာတယ်” ဟု ဒေသခံအမျိုးသားက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ်အတွင်း စစ်ကော်မရှင်နှင့် အာရက္ခတပ်တော်တို့အကြား စစ်ရေးတင်းမာမှု မြင့်တက်နေပြီး စစ်ကော်မရှင်ဘက်က အရပ်သားပစ်မှတ်များကို လက်နက်ကြီးများနှင့် လေကြောင်းပစ်ကူများ အလွန်အကျွံ အသုံးပြုကာ တိုက်ခိုက်နေခြင်းကြောင့် စစ်ဘေးရှောင်ဦးရေ ပိုမိုတိုးပွားလာနေကြောင်း သိရသည်။
#ကျောက်ဖြူ #စစ်ကော်မရှင် #ရက်ဆက်ဗုံးကြဲ #ThanLwinKhetNews
