![]()
ခင်သရဖီဦး/မတ် ၃၀။ ပုံစာ – ဗုံးကြဲခံရသည့် ကြောင်ချောင်းကျေးရွာ အား တွေ့ရစဥ်/ (Photo – ABN)
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝခရိုင်ရှိ ကြောင်ချောင်းကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ခြောက်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မတ် ၂၉ ရက် ညနေ ၄ နာရီကျော်ခန့်တွင် ကျေးရွာအတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုကြောင့် လူနေအိမ်များပါ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဗုံးကြဲတဲ့အထဲမှာ နေအိမ်တွေလည်း မီးလောင်သွားပါတယ်။ နေအိမ်အတွင်းမှာ ရှိနေတဲ့သူတွေ သေဆုံးတာရှိသလို ဒဏ်ရာရတဲ့သူတွေလည်း ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦးလည်း ပါဝင်သည်ဟု သိရသည်။
သေဆုံး၊ ဒဏ်ရာရရှိသူများ၏ အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စစ်ကော်မရှင်တပ်သည် အရပ်သားများနေထိုင်ရာ ဒေသများကို လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသည်။ ထို့ကြောင့် ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်နေပြီး အရပ်သား သေဆုံးထိခိုက်မှုနှုန်းမှာလည်း တဖြည်းဖြည်း မြင့်တက်လာနေသည်။
#ပလက်ဝ #စစ်တပ် #ဗုံးကြဲ #ThanLwinKhetNews
