![]()
သျှင်မြတ်ဖြူ
ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်စခန်းအသီးသီးသို့ ရောက်ရှိနေကြသော ကျောင်းနေအရွယ်ကလေး သိန်းချီသည် စာသင်ကျောင်းများနှင့် ဝေးကွာနေရပြီး ပညာသင်ယူခွင့် အခွင့်အရေးများစွာ ဆုံးရှုံးနေရသည်ဟု ဒေသခံများက ဆိုသည်။
စစ်ဘေးရှောင်ကလေးငယ်များ ပညာသင်ကြားရာတွင် ကြုံတွေ့နေရသည့် အဓိကအခက်အခဲမှာ သင်ရိုးညွှန်းတမ်းစာအုပ်နှင့် ခဲတံ၊ ဘောပင် အစရှိသည့် သင်ထောက်ကူပစ္စည်းများ ရှားပါးပြတ်လပ်နေခြင်းနှင့် ဈေးနှုန်းအဆမတန် မြင့်တက်နေခြင်းတို့ ဖြစ်သည်။
ထို့ပြင် စစ်ဘေးရှောင်စခန်းများတွင် မိသားစုစားဝတ်နေရေးအတွက် အဓိက ရုန်းကန်နေရသဖြင့် ကလေးငယ်များ၏ ပညာရေးမှာ ဒုတိယဦးစားပေးအဆင့်သို့ ရောက်ရှိသွားရကြောင်း စစ်ရှောင်ကူညီသူများက ဆိုသည်။
စစ်ဘေးရှောင်မိဘတစ်ဦးက “ကျွန်မတို့မှာ ကလေးတွေကို ကျောင်းထားဖို့ နေနေသာသာ စားဝတ်နေရေးအတွက်တောင် အနိုင်နိုင် ရုန်းကန်နေရတာပါ။ ကျောင်းသုံးစာအုပ်နဲ့ ခဲတံတွေကလည်း ဈေးအဆမတန်ကြီးနေတော့ ဘယ်လိုမှ မတတ်နိုင်ဘူး။ စခန်းထဲမှာလည်း ယာယီစာသင်ဆောင်ဆိုတာ မရှိသလောက်ပါပဲ” ဟု ၎င်းတို့၏ အခက်အခဲကို ဖွင့်ဟသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်တစ်ဝန်း၌ စစ်ဘေးရှောင်ဦးရေမှာ နေ့စဉ် တိုးပွားလျက်ရှိပြီး ၎င်းတို့အနက် ထက်ဝက်ခန့်မှာ အခြေခံပညာ သင်ကြားရမည့် ကျောင်းနေအရွယ် ကလေးငယ်များ ဖြစ်ကြသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စစ်ရှောင်ဦးရေမှာ ၆၈၀၀၀၀ ကျော် ရှိနေသည်ဟု ISP Myanmar စာရင်းများအရ သိရသည်။
ကျောင်းနေအရွယ် ကလေးများအတွက် အချို့ဒေသများတွင် ပညာရေးမပြတ်တောက်စေရန် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကြိုးပမ်းသင်ကြားနေရမှုများလည်း ရှိနေသည်ဟု သိရသည်။
“အခုလက်ရှိ ကျောင်းတက်နေတာက ပုံမှန် အစိုးရကျောင်းသင်ရိုးကို တက်ရတယ်။ ဒါပေမဲ့ သူတို့ သတ်မှတ်ထားတဲ့ ကျောင်းဆောင်နေရာမှာ မဟုတ်ဘဲ ဆရာ ဆရာမတွေအိမ်မှာ စာသင်ဝိုင်းလိုမျိုး တက်ရတာပါ။ ကျောင်းဝတ်စုံလည်း ဝတ်စရာမလိုဘူး၊ ဒီတိုင်း အရပ်ဝတ်နဲ့ပဲ တက်ရပါတယ်” ဟု မြောက်ဦးမြို့မှ ကျောင်းသူတစ်ဦးက လက်ရှိ ပညာသင်ကြားနေရပုံကို ရှင်းပြသည်။
သို့သော် ထိုသို့ သင်ကြားခွင့်ရသူမှာ လူနည်းစုသာရှိပြီး မြောက်ဦးမြို့နယ်တစ်ခုတည်းတွင်ပင် တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသူ ၅ သောင်းထက်မနည်း ရှိနေသည်။ ၎င်းတို့အနက် ကျောင်းနေအရွယ်ကလေးငယ် တစ်သောင်းကျော်မှာမူ ပညာသင်ကြားခွင့် လုံးဝရပ်ဆိုင်းနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
#ရခိုင်စစ်ရှောင်ကလေး #ပညာသင်ယူခွင့်ဆုံးရှုံးနေ #ThanLwinKhetNews
