![]()
သျှင်မြတ်ဖြူ
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသည့် စစ်ဘေးရှောင်ဦးရေသည် နေ့စဉ်နှင့်အမျှ တိုးပွားလာနေပြီး လက်ရှိတွင် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမျိုးသမီးဆိုင်ရာ လုံခြုံမှုအပါအဝင် အခြေခံလိုအပ်ချက်များ အရေးပေါ် လိုအပ်နေသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
လက်ရှိတွင် စစ်ဘေးရှောင်များသည် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ကောက်ခံပေးသည့် အလှူငွေနှင့် ရိက္ခာများကိုသာ အဓိကမှီခိုနေရသဖြင့် လောက်ငှမှုမရှိသည့် ဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရသည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
အထူးသဖြင့် စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့မှုများကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်ကာ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေခြင်း၊ နယ်မြေမတည်ငြိမ်မှုကြောင့် အလှူရှင်များ နည်းပါးလာခြင်းတို့က စစ်ဘေးရှောင်များအား ရိက္ခာပြတ်လပ်မှုအန္တရာယ်သို့ တွန်းပို့နေခြင်း ဖြစ်သည်။
ရခိုင်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက “ရခိုင်က စစ်ဘေးရှောင်တွေ ကြုံတွေ့ရတဲ့ ပြဿနာတွေက ပြောလို့တောင် မကုန်ဘူး။ တစ်ကိုယ်ရေအတွက် လမ်းဘေးထွက် အလှူခံစားရတဲ့ အနေအထား ရောက်နေကြပြီ။ အဝတ်အထည်မရှိ၊ အမိုးအကာ မလုံခြုံတော့ အမျိုးသမီးတွေ ကာယအိန္ဒြေ ထိပါးနှောင့်ယှက်ခံရတာတွေလည်း ရှိတယ်။ စစ်ရှောင်ဦးရေ တိုးလာလေ ပြဿနာက ပိုကြီးလာလေပါပဲ” ဟု ပြောသည်။
ထို့အပြင် စစ်ရှောင်စခန်းများတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရန် ခက်ခဲနေသလို ဆေးဝါးပြတ်လပ်မှုကြောင့် ကျန်းမာရေးပြဿနာများနှင့် ရောဂါမျိုးစုံကိုလည်း ရင်ဆိုင်နေကြရသည်။
“အမျိုးသမီးတွေအတွက် တစ်ကိုယ်ရေသုံးပစ္စည်း (Kits) တွေ မရှိဘူး။ သန္ဓေတားဆေးမရှိသလို လစဉ်သုံးပစ္စည်း (Pads) တွေလည်း မရှိဘူး။ ဒီကိစ္စတွေကို ရေတိုဖြေရှင်းနည်းတွေနဲ့ပဲ သွားနေရတယ်” ဟု မြောက်ဦးမြို့နယ်မှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ၎င်းတို့၏ အခက်အခဲကို ပြောသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ အစီရင်ခံစာအရ ရခိုင်ဒေသတွင်း တိုက်ပွဲများကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခုနှစ် အောက်တိုဘာလထိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေ ၆ သိန်း ၈ သောင်းကျော်အထိ တိုးလာနေကြောင်း သိရသည်။
အလားတူ ULA/AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ကလည်း အာရက္ခဒေသတွင် စစ်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်မှ ယခုအချိန်ထိ အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် နယ်မြေများ၌ စစ်ဘေးရှောင် ၆ သိန်းကျော်ခန့် ရှိနေကြောင်း ယခုနှစ်အတွင်း ထုတ်ပြန်ထားသည်။
ထိုစစ်ဘေးရှောင်များမှာ နေရာဒေသအလိုက် လိုအပ်ချက်များ ရှိနေခြင်းဖြစ်ပြီး မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းတို့တွင် ရေကန်များ ခန်းခြောက်မှုကြောင့် ရေလိုအပ်လျက်ရှိကာ အမ်းမြို့နယ်အတွင်း စစ်ဘေးရှောင်များမှာ တောထဲတွင် ဖြစ်သလို နေထိုင်နေရသောကြောင့် မိုးကာလိပ်နှင့် အနွေးထည်တွေ အရေးပေါ် လိုအပ်နေသည်ဟု သိရသည်။
ထို့ကြောင့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာဖူလုံမှုနှင့် အခြေခံ လူသားချင်းစာနာမှု အကူအညီများ ရရှိနိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ပိုမိုထိရောက်စွာ ထောက်ပံ့ကူညီပေးရန် အရေးပေါ်လိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများက တိုက်တွန်းထားသည်။
