![]()
အက်သားရီ
ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခိုလှုံနေကြရသည့် ဖယ်ခုံအရှေ့ဘက်ခြမ်းမှ စစ်ရှောင်ပြည်သူများသည် လက်ရှိတွင် စားနပ်ရိက္ခာ အကူအညီများ မလုံလောက်မှုကြောင့် စားဝတ်နေရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။
ထိုင်း-မြန်မာနယ်စပ်၊ မယ်စဲ့မြို့နယ်အတွင်းရှိ အဆိုပါစစ်ရှောင်စခန်းတွင် အိမ်ခြေ ၂၅၀ နှင့် လူဦးရေ ၇၉၀ ဦး ခိုလှုံလျက်ရှိသည်။ လက်ရှိတွင် သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ ရိက္ခာထောက်ပံ့မှု အချို့ရရှိနေသော်လည်း လူဦးရေများပြားလာမှုနှင့်အတူ လုံလောက်မှုမရှိကြောင်း စစ်ရှောင်ကော်မတီဝင် အမျိုးသမီးတစ်ဦးက ပြောသည်။
“မျှပြီးတော့ စားနေရတဲ့အခါကျတော့ တစ်ခါတလေဆို ပြတ်လပ်မှုတွေ ရှိတာပေါ့နော်။ မျှပြီးတော့ အလှူရှင် ပေါ်မလာသေးတဲ့ အချိန်ဆိုလို့ရှိရင် ဆန်ပြုတ်တွေ အဲ့လိုမျိုးတွေ သောက်သုံးနေရတယ်” ဟု ၎င်းက လက်ရှိအခြေအနေကို ရှင်းပြသည်။
အဆိုပါ စစ်ရှောင်များသည် ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့ကတည်းက စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်များ၏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံအရှေ့ဘက်ခြမ်းရှိ နေရပ်ကို စွန့်ခွာကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ အကူအညီဖြင့် ထွက်ပြေးလွတ်မြောက်လာကြသူများ ဖြစ်သည်။
လက်ရှိအချိန်ထိ ၎င်းတို့၏ နေရပ်ကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် PNO တပ်များ တပ်စွဲထားဆဲဖြစ်သဖြင့် နေရပ်ပြန်နိုင်ခြင်း မရှိသေးပေ။ ထို့ပြင် နယ်မြေမတည်ငြိမ်မှုနှင့် စစ်ရေးအခြေအနေများကြောင့် ဒေသအတွင်း အလုပ်အကိုင်များ ပြန်လည်လုပ်ကိုင်ရန်လည်း အခက်အခဲရှိနေသည်။
စစ်ရှောင်အမျိုးသမီးတစ်ဦးက “ကိုယ့်ကိုယ်ကိုယ် ဘာတွေစိုက်ရမှန်းမသိ၊ ဘာတွေ စီးပွားရေးလုပ်ရမှန်း မသိတော့ဘူး၊ အဲ့လိုမျိုး ဖြစ်နေတာ။ အလုပ်လက်မဲ့ ဖြစ်တာပေါ့။ ကိုယ်လုပ်တတ်တာက တောင်ယာလယ်ယာတွေလေ။ ဒါတောင်မှ လုပ်ရမလား မလုပ်ရဘူးလား ဇဝေဇဝါတွေလည်း ဖြစ်ကုန်တယ်။ လုပ်ခဲ့ရင်၊ ပြန်ပြေးရရင် ဘယ်မှာသွားပြန်နေမလဲ၊ အဲ့လိုမျိုး စိုးရိမ်မှုတွေ ရှိနေတယ်” ဟု ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ရင်ဖွင့်သည်။
ထောက်ပံ့မှုမလုံလောက်သည့်အတွက် တောင်ယာဖြစ်စေ၊ အလုပ်အကိုင်တစ်ခုခုဖြစ်စေ ရှိပါက ဆာလောင်မွတ်သိပ်မှုကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းနိုင်မည်ဟုလည်း စစ်ရှောင်ကော်မတီဝင်များက သုံးသပ်သည်။
၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လူဦးရေ ၁၂ သန်းကျော်သည် လတ်တလော ဆာလောင်မွတ်သိပ်မှုကို ကြုံတွေ့ခံစားရနိုင်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးထားသည်။ ထို့ပြင် ကလေးငယ်များနှင့် မိခင် ၄ သိန်းကျော်သည် အာဟာရချို့တဲ့မှုကို ခံစားနေကြရပြီး အာဟာရတန်ဖိုး နည်းပါးလှသည့် ထမင်းဖြူသက်သက် သို့မဟုတ် ဆန်ပြုတ်ကျဲကျဲကိုသာ အားပြုမှီဝဲနေကြရသည်ဟုလည်း WFP က ဆိုထားသည်။
