![]()
ခင်သရဖီဦး
အာဏာသိမ်း စစ်တပ် ထိန်းချုပ်ထားသည့် စစ်တွေမြို့ တပ်ရင်းများမှ ရသေ့တောင်ဘက်သို့ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ စပြီး နေ့စဉ်ဆိုသလို ရမ်းသမ်းပစ်ခတ်မှုများရှိနေသည့်အတွက် ဒေသခံများသည် ဘေးလွတ်ရာသို့ ထပ်မံစစ်ဘေးရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။
ရသေ့တောင်မြို့နယ် မယူကမ်းတွင် ရှိသည့် အငူမော်၊ ကုန်းတန်း၊ဆင်ပိုက်၊ လောင်းချောင်း၊ စေတီပြင်၊ အောင်ဇေကုန်း၊ ဒိုးဝေချောင်းစသည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးနေကြရသည်ဟု သိရသည်။
အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးက “စစ်တွေဘက်က တပ်ရင်းတွေကနေ လှမ်းပစ်နေတာပါ။ ကျေးရွာတွေမှာလည်း ကျတယ်။ ရွာပြင်ဘက်က လယ်ကွင်းတွေမှာလည်း ကျတယ်။ ဆိုတော့ ဒေသခံတွေက မနေရဲကြတော့ဘူး။ လုပ်ကိုင်စားသောက်လို့လည်း မရတော့ဘူးလေ” ဟု ဆိုသည်။
စစ်ကော်မရှင်တပ်အနေဖြင့် နေ့စဉ်ကဲ့သို့ ပစ်ခတ်မှုများအား လုပ်ဆောင်နေပြီး ရေတပ် စစ်သေင်္ဘာများမှလည်း နေ့စဉ် ရမ်းသမ်းပစ်ခတ်မှုများကို ဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုကြသည်။
ဒေသခံများအနေဖြင့် မိမိနေရပ်တွင် ပြန်လည် နေထိုင်သည်မှာ မကြာသေးသည့်အပြင် ထပ်မံစစ်ဘေးရှောင်ရသည့်အခါတွင်လည်း အခက်အခဲများ ရှိနေသည့်အတွက် အကူအညီများ လိုအပ်နေသည်ဟု ရသေ့တောင်မှ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
“ရွာက လူတွေက အတည်တကျ နေထိုင်ရတဲ့ အခြေအနေမရှိဘူး။ အလုပ်အကိုင်ကလည်း သူများနေရာတွေမှာဆို မလုပ်တတ်တာတွေရှိတယ်။ ကိုယ့်ဒေသနဲ့မှ မတူတာ။ အခက်အခဲတွေ များတယ်။ စစ်ဘေးရှောင်ဆိုတဲ့ ဒဏ်ကို သိတော့ မရှောင်ချင်ဘူး။ဒါပေမဲ့ အခုလို ကျေးရွာတွေကို ပစ်နေတော့ ထပ်ရှောင်ရတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်တွင်လည်း မူစဲကမ်းရှိ ရေပိုက်ဆုံကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ နေအိမ်များမှာ ပျက်စီးသွားခဲ့သည်။
ထိုသို့ စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ရခိုင်တွင် အရပ်သား သေဆုံးထိခိုက်မှုများအပြင် နေအိမ်နှင့် အဆောက်အအုံ ပျက်စီးမှုများလည်း ဆက်တိုက်ရှိလာနေသည်။
ပုံစာ – စစ်ဘေးရှောင်များအားတွေ့ရစဥ်
ပုံဟောင်း (ခင်သရဖီဦး)
