![]()
သံလွင်ခက်/ဧပြီ ၄။ ပုံ – သောကြာနေ့မြတ် ဝတ်ပြုပွဲတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ကိုယ်တိုင် ၅ ပေရှိ လက်ဝါးကပ်တိုင်ကို ထမ်းဆောင်စဉ်။ (Photo-AP News)
ရောမမြို့၊ ကောလို့စီယမ်ကွင်းကြီးအတွင်း ဗာတီကန်၏ ဝိညာဉ်ရေးရာခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် သောကြာနေ့မြတ် (Good Friday) အထိမ်းအမှတ် ‘လက်ဝါးကပ်တိုင် လမ်းစဉ်’ တွင် သစ်သားလက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ကိုယ်ကျ ထမ်းဆောင်ကာ ဝတ်ပြုစီတန်းမှုကို ဦးဆောင်ခဲ့ကြောင်း သိရသည်။
ရောမမြို့ရှိ ကောလို့စီယမ်ကွင်းကြီးအတွင်း ကျင်းပသည့် အဆိုပါအခမ်းအနား၌ အသက် ၇၀ အရွယ် ပုပ်ရဟန်းမင်းကြီးသည် ၁၄ နေရာ၏ အစတွင် လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ကိုင်မြှောက်၍ ဝတ်ပြုမှုကို စတင်ခဲ့ခြင်းဖြစ်သည်။
၎င်းသည် “ခရစ်တော်သည် ယခုထက်ထိ ဒုက္ခဝေဒနာ ခံစားနေရဆဲဖြစ်ကြောင်း ကမ္ဘာကြီးကို သိစေလိုပြီး ဤဆင်းရဲဒုက္ခအားလုံးကို ကျွန်ုပ်၏ ဆုတောင်းခြင်းထဲတွင် ထည့်သွင်း သယ်ဆောင်ထားသည်” ဟု Castel Gandolfo ရှိ အပန်းဖြေစခန်း၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် မိန့်ခဲ့သည်။
သမိုင်းမှတ်တမ်းများအရ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ (၂) သည် ၁၉၇၉ ခုနှစ်မှစ၍ ၁၉၉၅ ခုနှစ် တင်ပါးဆုံရိုးခွဲစိတ်မှု မပြုလုပ်မီအထိ စီတန်းလှည့်လည်မှုတစ်လျှောက်လုံးတွင် လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်းဆောင်ခဲ့သည်။ သို့သော် ခွဲစိတ်မှုအပြီးတွင်မူ လမ်းတစ်ဝက်ခန့်သာ ထမ်းဆောင်နိုင်ခဲ့တော့သည်။
၎င်း၏ ဆက်ခံသူ ပုပ်ရဟန်းမင်းကြီး ဘဲနဒစ် (၁၆) သည်လည်း သက်တမ်း ပထမနှစ်နှစ်အတွင်း ကောလို့စီယမ်ရှိ ပထမနေရာ၌သာ လက်ဝါးကပ်တိုင်ကို ထမ်းဆောင်ခဲ့ပြီး ကျန်ရှိသည့် လမ်းတစ်လျှောက်တွင် အခြားသူများ၏ နောက်မှ လိုက်ပါခဲ့သည်။
လွန်ခဲ့သည့်နှစ် ၂၀၂၅ ဧပြီလက ကွယ်လွန်သွားခဲ့သော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာမူ ကျန်းမာရေးအခြေအနေနှင့် လူငယ်ဘဝက အဆုတ်တစ်စိတ်တစ်ပိုင်း ဖယ်ရှားခဲ့ရသည့် အကျိုးဆက်များကြောင့် လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်မထမ်းဆောင်ခဲ့ဖူးပေ။
ထို့ကြောင့် ယနေ့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ လုပ်ဆောင်ချက်သည် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် မြင်တွေ့ရသည့် ထူးခြားသော မြင်ကွင်းဖြစ်လာခဲ့သည်။
ဝတ်ပြုပွဲအတွင်း ပုပ်ရဟန်းမင်းကြီးက အာဏာပိုင်များအနေဖြင့် ၎င်းတို့၏ စီရင်ပိုင်ခွင့်အာဏာ၊ စစ်ပွဲကို စတင်ရန် သို့မဟုတ် အဆုံးသတ်ရန် အာဏာနှင့် ငြိမ်းချမ်းရေးကို ပျိုးထောင်ရန် အာဏာများကို မည်သို့အသုံးပြုသည်ဆိုသည်နှင့် ပတ်သက်၍ ဘုရားသခင်ထံ အဖြေပေးရမည်ဖြစ်ကြောင်း ဟောကြားခဲ့သည်။
ဤတရားဒေသနာကို သန့်ရှင်းသောမြေ၏ အုပ်ထိန်းသူ တရားဟောဆရာ ဖရန်ဆက်စကို ပတ်တွန်က ရေးသားထားခြင်းဖြစ်သည်။
ယခုကဲ့သို့ လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ကိုယ်ကျ အစအဆုံး ထမ်းဆောင်ခြင်းသည် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) အတွက် ၎င်း၏ ပထမဆုံးသော ဝါရှောင်ကာလ နောက်ဆုံးအပတ် (ရက်၄၀ကြာ ဝါရှောင်ရခြင်း) သောကြာနေ့မြတ် ဝတ်ပြုမှုတွင် ဆယ်စုနှစ်များစွာအတွင်း မမြင်တွေ့ခဲ့ရသည့် ထူးခြားသော မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် စနေနေ့မြတ် ယနေ့ ညနှောင်းပိုင်းတွင် အီစတာဝတ်ပြုပွဲကို ဦးဆောင်မည်ဖြစ်ပြီး အီစတာတနင်္ဂနွေနေ့တွင် စိန့်ပီတာရင်ပြင်၌ ရိုးရာ “Urbi et Orbi” ကောင်းချီးမင်္ဂလာကို ပေးပို့သွားမည် ဖြစ်သည်။
Ref: Policito
#ပုပ်ရဟန်းမင်းကြီးလီယို(၁၄) #ဆယ်စုနှစ်အတွင်း #လက်ဝါးကိုင်ထမ်း #သောကြာနေ့မြတ်ဝတ်ပြုစီတန်းမှု #ThanLwinKhetNews
