![]()
သံလွင်ခက်/ဧပြီ ၂။
ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်ခြမ်းတွင် စစ်ကော်မရှင်တပ်များနှင့် တော်လှန်ရေးအင်အားစုများအကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုင်းအာဏာပိုင်များက နယ်စပ်လုံခြုံရေးကို အထူးတင်းကြပ်လိုက်ပြီး ကွန်တိန်နာတင်ယာဉ် (Container) များ သွားလာခွင့်ကို လာမည့် တနင်္ဂနွေနေ့အထိ ကန့်သတ်လိုက်ကြောင်း သိရသည်။
နယ်စပ်တစ်လျှောက်ရှိ သဘာဝလှေဂိတ်များတွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ကင်းလှည့်စစ်ဆေးမှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်လာနေပြီး၊ ကုန်စည်စီးဆင်းမှုနှင့် အလုပ်သမားများ သွားလာမှုကိုပါ အသေးစိတ်စိစစ်နေကြောင်း နယ်စပ်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ဆိုသည်။
“တိုက်ပွဲဖြစ်မှ သူတို့က ဝင်စစ်တာ။ တိုက်ပွဲမရှိရင် မစစ်ဘူး။ ဘာပစ္စည်းလဲ၊ ဘယ်ကုမ္ပဏီကလဲ၊ ဘယ်သူ့အလုပ်သမားလဲ ဆိုတာလောက်ပဲ မေးပြီး ပစ္စည်းကို ခဏကြည့်ပြီး ပြန်သွားတာပါ” ဟု ထိုင်း-မြန်မာဘက် ကူးသန်းသွားလာနေသူ တစ်ဦးက လက်ရှိအခြေအနေကို ပြောသည်။
Video – သံလွင်ခက်
လက်ရှိတွင် ကွန်တိန်နာယာဉ်ကြီးများမှာ သွားလာခွင့် ရပ်နားထားရသော်လည်း သာမန်ကုန်တင်ကားငယ်များမှာမူ အကန့်အသတ်များကြားမှ ဆက်လက်သွားလာနေကြသည်။
“Container ကားတွေက Sunday ထိ ထွက်လို့မရဘူး။ ဒါပေမဲ့ ဒီနေ့ ကုန်တင်ကား (အသေး) တွေကတော့ ထွက်တယ်” ဟု ၎င်းက မြေပြင်အခြေအနေကို အတည်ပြုသည်။ လက်ရှိတွင် တစ်ရက်လျှင် ကုန်တင်ကား အစီးရေ ၄၀ ခန့်သည် ၎င်းတို့၏ ကိုယ်ပိုင်အဆက်အသွယ်များဖြင့် ပုံမှန်အတိုင်း သွားလာနေကြဆဲ ဖြစ်သည်။
ယနေ့တွင် အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်း တရားဝင်ကုန်စည်စီးဆင်းမှုအတွက် အရေးပါသည့် အမှတ် (၂) ချစ်ကြည်ရေးတံတားမှာမူ အကန့်အသတ်မရှိ ဆက်လက်ပိတ်ထားဆဲဖြစ်သည်။ ထို့ကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ သဘာဝဂိတ်များကိုသာ အဓိကအားကိုးနေရကြောင်း သိရသည်။
#မဲဆောက်နယ်စပ် #သဘာဝဂိတ် #ကွန်တိန်နာယာဉ် #ကုန်တင်ချမှု #ထိုင်းဘက်ယာယီပိတ်ပင် #ThanLwinKhetNews
