![]()
မူယန်း/ဧပြီ ၂။ ဓာတ်ပုံ – ပေးပို့
ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ အသစ်တည်ထောင်ထားသော စစ်ရှောင်စခန်းတစ်ခုတွင် ခိုလှုံနေကြသည့် ပြည်သူ ၅၀၀ ကျော်မှာ တစ်လခန့်ကြာမြင့်သည့်တိုင် ဆန်ရိက္ခာပြတ်လပ်မှုနှင့်အတူ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အကျပ်အတည်းများကိုပါ တစ်ပြိုင်နက် ရင်ဆိုင်နေရကြောင်း စစ်ရှောင်များထံမှ သိရသည်။
အဆိုပါစခန်းတွင် မိုးဗြဲမြို့အနီးရှိ လွယ်ယင်းမင်္ဂလာ၊ လွယ်ယင်းတောင်ခြေနှင့် လွယ်ဝိုင်းကျေးရွာတို့မှ ထွက်ပြေးတိမ်းရှောင်လာကြသည့် အိမ်ခြေ ၁၀၀ ကျော်၊ လူဦးရေ ၅၃၀ ကျော် ခိုလှုံနေကြသည်။

၎င်းတို့သည် ပြီးခဲ့သည့် မတ်လဆန်းပိုင်းက စစ်ကော်မရှင်တပ်၏ လက်နက်ကြီးနှင့် ဒရုန်းများ၊ မီးလောင်ဗုံးများဖြင့် တိုက်ခိုက်မှုကြောင့် အရေးပေါ် ထွက်ပြေးခဲ့ကြရသူများ ဖြစ်သည်။
စခန်းစတင်တည်ထောင်ချိန်မှ ယခုအချိန်အထိ တစ်လတာကာလအတွင်း စစ်ဘေးရှောင်တစ်ဦးလျှင် ကနဦးထောက်ပံ့မှုအဖြစ် ဆန် ၁၄ ဗူးနှုန်းဖြင့်သာ ရရှိထားသေးကြောင်း စစ်ရှောင်ကူညီသူများက ဆိုသည်။

“အခုဆိုရင် တစ်လလောက်ရှိပြီ။ ခုထိ တစ်ယောက်ကို ဆန် ၁၄ ဗူးနှုန်းပဲ ရသေးတယ်။ အိမ်ခြေ ၁၀၀ ဝန်းကျင်လောက်က အမိုးအကာတွေ လိုအပ်နေတုန်းပဲ။ အိမ်သာတစ်လုံးကို မိသားစု ၄ စုလောက် ပေါင်းသုံးနေရပြီး အိမ်သာခွက်တွေရဖို့ လိုက်အလှူခံနေရတုန်းပါ” ဟု စစ်ရှောင်ကူညီပေးနေသူတစ်ဦးက ပြောသည်။
လက်ရှိတွင် စက်သုံးဆီပြတ်လပ်မှုနှင့်အတူ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်က စစ်ဘေးရှောင်များအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နေသည်။
စက်သုံးဆီတစ်လီတာလျှင် ကျပ် ၁၂,၀၀၀ မှ ၁၅,၀၀၀ အထိ ပေးဝယ်နေရသဖြင့် အမိုးအကာနှင့် အိမ်သာအသုံးအဆောင်များကို ပီကင်းဈေးသို့ သွားရောက် ဝယ်ယူရန် ခက်ခဲနေကြောင်း သိရသည်။

စစ်ရှောင်ကူညီသူ ကိုဂျူလိုင်က “စစ်ရှောင်အိမ်ထောင်စု ၁၀၀ ကျော်ထဲက တချို့တော့ သူတို့မှာပါလာတဲ့ သွပ်မိုး၊ အမိုးအကာစုတ်တွေနဲ့ပဲ ယာယီကာရံထားတာတွေ ရှိပါတယ်။ တချို့ကျ သစ်ဝါးတွေနဲ့ တဲကိုယ်ထည်အကြမ်းတွေကိုပဲ လုပ်ထားရသေးတယ်။ လက်ရှိအားဖြင့် လိုအပ်တဲ့ အမိုးအကာ၊ အိမ်သာခွက်တွေ ရရှိရေးကအစ စိန်ခေါ်မှုဖြစ်နေတယ်” ဟု ရှင်းပြသည်။
စခန်းအတွင်း အိမ်သာအလုံးရေ ၅၀ ခန့်သာ ရှိနေသဖြင့် မိသားစုများစွာ စုပေါင်းသုံးစွဲနေရပြီး သောက်သုံးရေ ရှားပါးမှုဒဏ်ကိုပါ ရင်ဆိုင်နေရသည့်အတွက် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းမှစတင်၍ စစ်ကော်မရှင်တပ်နှင့် ဒေသခံတော်လှန်ရေးအင်အားစုများအကြား စက်တော်ရာတောင်ကုန်းတဝိုက် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထို့နောက် စစ်ကော်မရှင်တပ်သည် မတ် ၇ ရက် ညပိုင်း ၁၁ နာရီခွဲမှ ၈ ရက်နေ့ နံနက်အစောပိုင်း အထိ ကျေးရွာများအတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အနီးနားတဝိုက် ဒေသခံများမှာ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ရှောင်တိမ်းထွက်ပြေးခဲ့ရသည်။
#မိုးဗြဲစစ်ရှောင်စခန်း #ရိက္ခာ #အိမ်သာအခက်အခဲ #ThanLwinKhetNews
