![]()
သံလွင်ခက်/ဧပြီ ၄။ ဓါတ်ပုံ – သံလွင်ခက်
ကရင်ပြည်နယ်၊ ဝေါလေဒေသအတွင်း စစ်ကော်မရှင်တပ်ဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများ ဆက်တိုက် ပြင်းထန်လာမှုကြောင့် ထီးဘောဂေါ်ကျေးရွာရှိ စာသင်ကျောင်းမှ မိဘမဲ့ကလေးငယ်များနှင့် ဆရာ၊ ဆရာမများမှာ ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းလိုက်ရကြောင်း သိရသည်။
ယနေ့ (ဧပြီ ၄ ရက်) နံနက်ပိုင်းတွင်လည်း ဝေါလေဒေသ၌ တိုက်ခိုက်မှုများ ပြင်းထန်ခဲ့ပြီး လက်နက်ကြီးပေါက်ကွဲသံများ ဆက်တိုက်ကြားနေရသည့်အတွက် နယ်စပ်တစ်လျှောက် စစ်ရေးအခြေအနေမှာ အထူးတင်းမာနေဆဲဖြစ်သည်။
လုံခြုံရေးအခြေအနေ စိုးရိမ်ရမှုကြောင့် ထီးဘောဂေါ်ကျောင်းရှိ ကလေးငယ်များကို ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင် ဦးဆောင်ကာ သူးမွဲခီးဘက်သို့ ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် နွေရာသီကျောင်းပိတ်ရက်ဖြစ်သဖြင့် မိဘရှိသည့်ကလေးအများစုမှာ နေရပ်ပြန်သွားကြသော်လည်း၊ ပြန်စရာမရှိသည့် မိဘမဲ့ကလေးငယ် ၂၀ ကျော်မှာ ဆရာမများနှင့်အတူ ဘေးလွတ်ရာသို့ လိုက်ပါခိုလှုံနေရခြင်းဖြစ်သည်။
“ကလေးတွေကတော့ သူးမွဲခီးဘက် ရောက်သွားပြီဆိုတော့ နည်းနည်းအေးတာပေါ့။ သူတို့အတွက် ထမင်းဟင်းချက်ကျွေးဖို့နဲ့ ဝေယျာဝစ္စတွေလုပ်ပေးဖို့ ဆရာမတချို့လည်း အတူလိုက်သွားပေးထားပါတယ်” ဟု တာဝန်ရှိ ဆရာမတစ်ဦးက ပြောသည်။
ထို့ပြင် မြန်မာဘက်ခြမ်းရှိ တိုက်ပွဲများကြောင့် နယ်စပ်တလျှောက်တွင်လည်း ထိုင်းအာဏာပိုင်များက လုံခြုံရေးနှင့် စောင့်ကြည့်စစ်ဆေးမှုများ သိသိသာသာ တိုးမြှင့်ထားကြောင်း သိရသည်။
အထူးသဖြင့် နယ်စပ်ဂိတ်များ နှင့် ဖြတ်သန်းသွားလာမှုများကို ထိုင်းရဲတပ်ဖွဲ့ဝင်များက နေ့ညမပြတ် စောင့်ကြပ်ကြည့်ရှုနေကြသည်။
“အစစ်အဆေးတွေကတော့ အရင်ထက် ပိုကြပ်လာတယ်။ ထိုင်းရဲတွေက တံတားထိပ်မှာ သွားစောင့်နေတာ။ တချို့ဆို ပုခက်တွေဆင်ပြီး အဲဒီမှာပဲ အိပ်ပြီး စောင့်နေကြတာမျိုးအထိ ရှိတယ်” ဟု အဆိုပါဆရာမက လက်ရှိ နယ်စပ်လုံခြုံရေး အခြေအနေကို ရှင်းပြသည်။
သွားလာရေး အခက်အခဲများရှိနေသော်လည်း တိုက်ပွဲများ ယခုထက် ပိုမိုနီးကပ်လာပါက ကလေးငယ်များ၏ အသက်အန္တရာယ်အတွက် ထိုင်းဘက်အခြမ်းသို့ ထပ်မံရွှေ့ပြောင်းရမည့် အခြေအနေရှိနေသည်။
လောလောဆယ်တွင် ရွှေ့ပြောင်းထားသည့် ကလေးငယ်များအတွက် ဆန်နှင့် စားသောက်ကုန် အနည်းငယ် ကျန်ရှိနေသေးသဖြင့် အရေးပေါ် အခက်အခဲ မရှိသေးကြောင်း သိရသည်။
“ဒီထက်ပိုပြီး အခြေအနေဆိုးလာရင်တော့ ထိုင်းဘက်အခြမ်းကိုပဲ ပြောင်းရတော့မှာပါ။ အခြေအနေ ဆိုးလာရင်တော့ ထိုင်းအာဏာပိုင်တွေဘက်ကလည်း လူသားချင်းစာနာမှုအရ နားလည်မှုပေးပြီး ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
#ဝေါ်လေတိုက်ပွဲ #ထီးဘောဂေါ် #မိဘမဲ့ကလေးငယ်များ #အရေးပေါ်တိမ်းရှောင် #ThanLwinKhetNews
