တိုင်ကြားခံရသည့် ကာကွယ်ရေးတပ်ဖွဲ့များကို NUG စစ်ဥပဒေအရ တရားစီရင်မည်
*************************
ဇန်နဝါရီ ၁၆၊ ၂၀၂၃။
ပြည်သူလူထု တိုင်ကြားခြင်း ခံရသည့် ကာကွယ်ရေးတပ်ဖွဲ့များနှင့် တပ်ဖွဲ့ဝင်များကို အမျိုးသားညီညွတ်ရေးအစိုးရ စစ်ဥပဒေအရ တရားစီရင် ဆောင်ရွက်သွားမည်ကို NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူထံက သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန Ministry Of Defence (MOD) တွင် ပြည်သူ့ စစ်ဥပဒေဌာန ထားရှိကာ တရားစီရင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် NUG က ပြင်ဆင်နေခြင်း ဖြစ်သည်။
အဆိုပါ တရားစီရင်ရေးသည် MOD လက်အောက်ခံမဟုတ်သည့် တော်လှန်ရေး အဖွဲ့အစည်းများအပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိစေမည်ဟု NUG တရားရေးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်စည်းကမ်းနှင့် စစ်ဥပဒေအရ ချိုးဖောက်မှုများရှိပါက တာဝန်ခံထားသည့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းကာ တရားမျှတမှုရရှိရေးအတွက် ဆောင်ရွက်ပေးသွားမည်ဟု ဦးနေဘုန်းလတ်က ဆိုသည်။
ဦးနေဘုန်းလတ်က ” လက်အောက်ခံမဟုတ်တဲ့အဖွဲ့တွေကိုတော့ ငါတို့ဥပဒေကိုလိုက်နာရမယ်ဆိုပြီး အတင်းအကြပ်လိုက်ပြောလို့မရဘူး။ တကယ်လို့ ပြည်သူလူထုကို ထိခိုက်တာမျိုး လုပ်လာခဲ့ရင်တော့ NUG ကနေ ဝင်ရောက်ဖြေရှင်းပေးဖို့ အစိုးရတစ်ရပ်အနေနဲ့ တာဝန်ရှိပါတယ် ” ဟု ဆိုသည်။
MOD အနေဖြင့် မိမိတို့လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်သာမက မဟာမိတ် တိုင်းရင်းသားအဖွဲ့အစည်းများနှင့်လည်း မျှတစွာ တရားစီရင်နိုင်ရေး ကြိုးပမ်းဆောင်နေသည်ဟု ဆိုသည်။
” ကျွန်တော်တို့ MODမှာရော၊ မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေမှာပါ ကိုယ်ပိုင်ဥပဒေ စည်းမျဉ်းတွေရှိတယ်ဆိုတော့ နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆောင်ရွက်သွားမှာပါ ” ဟု ဦးနေဘုန်းလတ်က ပြောသည်။
NUG ၏ စစ်ဥပဒေသည် ၎င်းတို့နှင့် မသက်ဆိုင်သည့် သီးခြားလက်နက်ကိုင်အဖွဲ့များအပေါ်တွင် လွှမ်းမိုးမှုရှိနိုင်မည်မဟုတ်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။
“ မြန်မာနိုင်ငံရဲ့လက်နက်ကိုင်လမ်းစဉ်တွေက အမျိုးမျိုးရှိနေတဲ့အနေအထားအောက်မှာတော့ စစ်ဥပဒေရဲ့ အမိန့်အာဏာမသက်ရောက်ဘူး။ အဲ့ဒါတွေရဲ့အပြင်ဘက်မှာရှိတယ်လို့ပဲ ကျွန်တော်က နားလည်ပါတယ်။ အခုဖြစ်နေတဲ့ NUG၊ PDF ဆက်ဆံရေးဆီကို ဒီကိစ္စက သက်ရောက်မယ်လို့ မထင်ပါဘူး ” ဟု ပြောသည်။
တရားစီရင်ရန် ဥပဒေခုံရုံးဌာနပေါ်ပေါက်လာခြင်းသည် အစိုးရတစ်ရပ်အနေဖြင့် ကောင်းမွန်သော်လည်း ဖြစ်ရပ်များကို မှန်ကန် တိကျစွာ ဖြေရှင်းရန် အရေးကြီးသည်ဟု မြောင်မြို့နယ်ရှိ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ CDSOM ခေါင်းဆောင် ကိုနွေဦးက ပြောသည်။
“ Change Of Command (အမိန့်ပေးကွပ်ကဲမှုစနစ်) ပိုပြီးတော့အသက်ဝင်လာပြီး လက်နက်အားကိုးနဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ဟန့်တားနိုင်မယ်လို့ ယုံကြည်တဲ့အတွက် ဒီလိုမျိုးပေါ်လာတာကိုဝမ်းသာတယ်။ ဒါပေမယ့် မှန်မှန်ကန်ကန်နဲ့ အသက်ဝင်အောင် လုပ်နိုင်ဖို့က အရေးကြီးဆုံးလို့ပြောချင်ပါတယ် ” ဟု ၎င်းက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြင်ဆင်နေသည့် စစ်ဥပဒေဌာနနှင့် တရားစီရင်မှု အသေးစိတ်အချက်လက်များကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပေ။
စတင်အကောင်ထည်ဖော်မည်ဆိုပါက NUG လက်အောက်ခံမဟုတ်သည့် မိမိတို့ဒေသအလိုက် သီးခြားဖွဲ့စည်းထားသော ကာကွယ်ရေးတပ်ဖွဲ့များအား လက်နက်ခဲယမ်းနှင့် စစ်ဝတ်တန်ဆာများ ကိုင်ဆောင်ခွင့်ကို စစ်ဥပဒေဌာနက ထိန်းချုပ်ရန် လိုအပ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က အကြံပြုသည်။
” စစ်ဥပဒေဌာနရယ်လို့ သီးခြားပေါ်ပေါက်လာပြီဆိုရင် တပ်မတော်မှာ တာဝန်ထမ်းဆောင်နေသူတွေ၊ တပ်မတော်နဲ့ တွဲဖက်တာဝန်ထမ်းဆောင်နေတဲ့သူတွေကလွဲပြီး လက်နက်ခဲယမ်း၊ စစ်ဝတ်တန်ဆာတွေ ကိုင်ဆောင်ခွင့်မရှိအောင် ထိန်းချုပ်ရမယ့် အနေအထားရှိပါတယ်။ အဓိက စစ်ဥပဒေဌာနအနေနဲ့ ဒါကိုအရင်ကိုင်တွယ်ရမယ်လို့မြင်ပါတယ် ” ဟု ၎င်းကပြောသည်။
လူသတ်မှု၊ စစ်စည်းကမ်းဖောက်ဖျက်မှု၊ တာဝန်ကို အလွဲသုံးစားပြုလုပ်၍ တာဝန်နဲ့မသက်ဆိုင်သည့် လုပ်ငန်းများတွင် ဝင်ရောက်စွက်ဖက်မှုစသည့် ပြစ်မှုကြီးများမှအပ ပြစ်မှုအသေးများအတွက်လည်း ပညာပေးကာလတစ်ခု လိုအပ်သည်ဟု တရားရေးဆိုင်ရာ ကျွမ်းကျင်သူများက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန Ministry Of Defence (MOD) ကို စစ်တပ်အာဏာသိမ်းပြီးနောက်ဖွဲ့စည်းခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ၂၀၂၁ ခုနှစ် မေလ ၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလ စာရင်းအရ PDF တပ်ရင်းပေါင်း ၃၀၀ ခန့်ရှိပြီး တပ်ရင်းတစ်ရင်းလျှင် အင်အား ၂၀၀ ခန့်မှ ၅၀၀ အထိရှိကာ PDF အင်အား စုစုပေါင်း ခန့်မှန်းခြေ ၆၅၀၀၀ ခန့်ရှိနေပြီ ဖြစ်သည်။
ပုံစာ – ဝက်လက်အခြေစိုက် ရွှေဘိုခရိုင် တပ်ရင်း (၂) မှ တပ်ဖွဲ့ဝင်များကို ၂၀၂၂ခုနှစ် ဇူလိုင် ၁၉ရက်နေ့ က တွေ့ရသည့်မြင်ကွင်း။
Photo – (Wetlet People Defense Force Battalion 2)