ကန့်ဘလူမြို့နယ်က ဒေသခံတချို့ မီးရှို့ခံရ
***********
သံလွင်ခက်။
ဇန်နဝါရီ ၁၆၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ခြမ်း၊ ပလူသာကျေးရွာနှင့် ညောင်ကုန်းကျေးရွာရှိ ဒေသခံတချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် မီးရှို့ခံထားရသည့် အလောင်းများကို ပြန်လည့်တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ပလူသာရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ၃၆၈ နှင့် ပျူစောထီးပူးပေါင်းအင်အား ၁၀၀ ခန့်သည် ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်တွင် ညောင်ကုန်းကျေးရွာသို့ ဝင်ရောက်ခဲ့သည်။
ထိုသို့ ဝင်ရောက်ခဲ့စဉ် ပလူသာရွာမှ ဖမ်းဆီးခေါ်ဆောင်လာသည့် အသက် ( ၅၅) နှစ်အရွယ် ဦးသန်းလွင်နှင့် ညောင်ကုန်းကျေးရွာထဲတွင် ပိတ်မိနေသည့် အသက် (၇၇) နှစ်အရွယ် ဦးနွားတင် နှစ်ဦး၏ မီးရှို့ခံထားရသည့် အလောင်းများတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက “ ပလူသာရွာက တစ်ယောက်ကို သူတို့ ဖမ်းခေါ်လာတယ် ညောင်ကုန်းကို ရောက်မှ မီးရှို့တဲ့အိမ်တွေပေါ်မှာ တင်ရှို့သွားခဲ့တာ။ ရွာထဲမှာ ပိတ်မိနေတဲ့ အဖိုးတစ်ယောက်ကိုလည်း အဲ့ဒီလို မီးရှို့တဲ့ အိမ်တွေပေါ်မှာ တင်ရှို့သွားတာ၊ တစ်ယောက် တစ်နေရာစီ ” ဟု ဆိုသည်။
ထို့ပြင် ညောင်ကုန်းရွာထဲတွင် ပိတ်မိနေသည့် အမျိုးသမီး ၃ ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး နှိပ်စက်မှုများရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ဖမ်းဆီးခံရသည့် အမျိုးသမီး ၃ ဦးနက် အသက် ၅၈ နှစ်အရွယ် အမျိုးသမီးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့သည်ဟု ကျေးရွာအတွင်း ရှင်းလင်းရေး လုပ်ဆောင်ခဲ့သူ တစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” ခေါ်ထုတ်ထားနိုင်တဲ့ အမျိုးသမီးတစ်ယောက် လည်ပင်းကို ဓားနဲ့ လှီးခံထားရတယ်။ သူမှာ မာဖလာပါတော့ လှီးလိုက်တဲ့အချိန်မှာ မာဖလာနဲ့ကြောင့်မို့ ဒဏ်ရာလောက်ပဲရလာတာ၊ ပြီးတော့ ရင်ဘတ်အောက်မှာ ဓားနဲ့ တစ်ချက်ထိုးခံထားရတယ် ” ဟု ဆိုသည်။
ကျန်ရှိနေသည့် အမျိုးသမီးနှစ်ဦးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လွတ်မြောက်ခဲ့သော်လည်း လက်ရှိအချိန်ထိ အဆက်သွယ် ပြတ်တောက်နေဆဲဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညောင်ကုန်းကျေးရွာရှိ နေအိမ်များကိုလည်း မီးရှို့ခဲ့ကြသည်ဟု ဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့မှုကြောင့် ညောင်ကုန်းကျေးရွာရှိ နေအိမ် ၅၇ အိမ် မီးလောင် ပျက်စီးခဲ့ရသည်။
အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိသည့် ညောင်ကုန်းကျေးရွာရှိ နေအိမ်များကို ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ၈ လပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့မှုများ လုပ်ဆောင်ခဲ့ပြီး နေအိမ် ၃၅ အိမ်ကျော် မီးလောင်ပျက်စီးခဲ့သည်။
၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၉ ရွာမှ နေအိမ် ၂၃၃ လုံးကို မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။
ပုံစာ – မီးရှို့ခံရပြီးနောက် မြင်တွေ့ရသည့် ညောင်ကုန်းကျေးရွာ။
Photo – ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်။