ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ မတူပီ CDF ရှေ့တန်းစခန်းတစ်ခုကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
” စကစ ကသိမ်းသွားပြီ။ လောလောဆယ်စောင့်ကြည့်နေရတဲ့ အခြေအနေပဲ “ဟု မတူပီCDF တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့နံနက်ပိုင်းတွင် သံလွင်ခက်ကိုပြောသည်။
မတူပီမြို့နယ်၊ မတူပီ-ဟားခါးလမ်းပေါ် ငလိုင်ကျေးရွာရှိ CDF Matupi ၏ ရှေ့တန်းစခန်း တစ်ခုကို ယမန်နေ့ ဇန်နဝါရီလ ၁၅ရက်၊ နံနက် ၉နာရီအချိန်တွင် အင်အား ၁၀၀ ခန့်ရှိစစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။
မတူပီ CDF များက ခုခံတိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ပြီး CDF တပ်ဖွဲ့ဝင်တစ်ဦးလည်း ပျောက်ဆုံးနေသည်ဟု မတူမီCDF က ယမန်နေ့၌ သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင်အဆိုပါ CDF စခန်းကို စစ်ကောင်စီများက သိမ်းပိုက်ထားပြီး ဖုန်းလိုင်များဖြတ် တောက်ခံထားရသည့်အခြေအနေကြောင့် ပျက်စီးဆုံးရှုံးမှုများကို မသိရှိနိုင်သေးပေ။
” အဲဒီရွာမှာပြည်သူတွေက မရှိတော့ဘူးဆိုတော့ ကျွန်တော်တို့က ရှေ့တန်းစခန်းအနေနဲ့သုံးတာ။ အဲမှာရှိတဲ့ပစ္စည်းတွေ ဘာမှပြန်မရတော့ဘူးပေါ့နော်။ မီးစက်တွေရှိမယ် ။ ဆိုလာတွေရှိမယ်။ ပြီးတော့ ရိက္ခာတွေ၊ ရဲဘော်တွေရဲ့ ဝတ်စုံတွေနဲ့ အထုပ်အပိုးတွေရှိမယ် “ဟု စခန်းတွင်း၌ ပျက်စီးဆုံးရနိုင်ခြေရှိသည်များကို မတူပီ CDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မတူပီမြို့နယ်အတွင်း တယ်လီဖုန်းလိုင်းများ အကုန်လုံး ဖြတ်တောက်ခံထားရသည့်အတွက် CDF Matupi အနေဖြင့် သတင်းအချက်အလတ်များကို အများပြည်သူထံ အချိန်နှင့်တပြေးညီ ချပြရန်ခက်ခဲကြောင်းနှင့် မတူပီ – ဟားခါးလမ်းမပေါ်၌ အချိန်မရွေး တိုက်ပွဲဆက်လက်ဖြစ်ပေါ်နိုင်သည့် အခြေအနေမှာရှိနေသည်ဟု မတူပီ CDF ကသတိပေးထုတ်ပြန်ထားသည်။
ပုံစာ-ပြီးခဲ့သောနှစ် နိုဝင်ဘာလတွင်ပြုလုပ်ခဲ့သည့် မတူပီ CDF စစ်သင်တန်းဆင်းပွဲ။