ခင်သရဖီဦး
ရခိုင်ပြည်၊ သံတွဲမြို့ကို အာဏာသိမ်းစစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး ၎င်း၏ ကိုယ်ဝန်ဆောင်ဇနီးနှင့် အရွယ်မရောက်သေးသည့် သားနှစ်ဦးအပါအဝင် ဒေသခံစုစုပေါင်း ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့၊ စက်တင်ဘာလ ၂၇ ရက်၊ ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် သံတွဲမြို့ပေါ်ရှိ အမှတ် ၄ ရပ်ကွက်အတွင်းသို့ စစ်ကောင်စီတိုက်လေယာဉ်က ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် နှစ်ကြိမ်ကြဲချခဲ့ခြင်းဖြစ်သည်။
ဗုံးတစ်လုံးမှာ လူမနေသည့် နေအိမ်ပေါ်သို့ ကျရောက်ခဲ့ပြီး နောက်တစ်လုံးမှာ လူနေရပ်ကွက်အတွင်း လမ်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
” အခု သေသွားတဲ့လူ နေတဲ့အိမ်ရဲ့ လမ်းရှေ့မှာ ဒုတိယ တစ်လုံးက ကျလာတာပါ။ အဲဒီအနားက အစတွေ စင်လာပြီးတော့ မိန်းမဖြစ်သူကိုယ်ဝန်ဆောင်ရော သားနှစ်ရော ဒဏ်ရာရသွားတာပါ။ အဖေဖြစ်သူကတော့ အဲဒီနေရာမှာပဲ သေဆုံးသွားတယ်။ မိန်းမကလည်း ကိုယ်ဝန် ၅ လ ရှိနေတာပါ”ဟု သံတွဲမြို့ ဒေသခံတစ်ဦး ပြောသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင် ဦးညီညီ ဆိုသူမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ၎င်း၏ ကိုယ်ဝန်ဆောင် ဇနီးဖြစ်သူ မခင်ခင်ဌေး၊ သားများဖြစ်သည့် အသက် ၆နှစ်အရွယ် မောင်သန့်ဇင်ဖြိုးနှင့် ၁၄နှစ်အရွယ် မောင်အောင်သီဟစိုးတို့တွင် ဗုံးစထိမှန်ကာ ဒဏ်ရာများရရှိခဲ့သည်။
ထို့အပြင် အနီးအနားမှ အသက်(၃၇)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၅၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် (၄၂)နှစ်ရွယ် အမျိုးသားတစ်ဦးတို့တွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး နီးစပ်ရာဆေးခန်းများတွင် ဆေးကုသမှုပေးလျက်ရှိသည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်တွင် တောင်ကုတ်မြို့ရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ စက်တင်ဘာလ ၁၂ ရက်တွင် ကျောက်တော်မြို့နယ်ရှိ စာသင်ကျောင်းများကို တိုက်ခိုက်ခဲ့ရာ ကျောင်းသားကျောင်းသူ ၂၃ ဦးအထိ သေဆုံးခဲ့သည်။
ဓါတ်ပုံ – APM
Updated – အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုတွေ ဒဏ်ရာရရှိခဲ့သော အသက် ၅၃ နှစ်အရွယ် အမျိုးသမီးမှာ ပြင်းထန်ထိခိုက်မှုကြောင့် ယနေ့တွင် ထပ်မံသေဆုံးခဲ့ရသည်။
#သံတွဲ #စစ်ကောင်စီ #ဗုံးကြဲ #ThanLwinKhetNews