ခင်သရဖီဦး
စစ်တပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် သံတွဲမြို့နယ်အား လေကြောင်းနှင့် ရေကြောင်းများမှ နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံမှသိရသည်။ ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် ည ၁၁ နာရီခွဲခန့်က သံတွဲမြို့နယ်၊ ပဒဲကောကျေးရွာအနောက်ဘက်ရှိ တောင်တန်းကို ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အသက် ၄၀ အရွည် အမျိုးသားတစ်ဦးက ဆိုသည်။
”လေယာဉ်နှစ်စီးနဲ့ ပဒဲကောရွာရဲ့ အနောက်ဘက်မှာရှိတဲ့တောင်တန်းကို ဗုံး သုံးလုံး ကြဲချခဲ့ပါတယ်။ နောက်ပြီးတော့ နေဗီတွေ (ရေတပ်) ကလည်း လက်နက်ကြီးနဲ့ ရွာဘက်တွေကို ခြောက်လုံးတိတိ ပစ်ခတ်ခဲ့တာပါ။ နေဗီက ပစ်တဲ့ လက်နက်ကြီးကျလို့ လူနေအိမ်နဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းက ပျက်စီးမှု ရှိသွားပါတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်ကလည်း သံတွဲမြို့ရှိ အမှတ် ၄ ရပ်ကွက်အား လေကြာင်းမှ ဂျက်ဖိုက်တာတစ်စီးဖြင့် ပေါင် ၅၀၀ အား ဗုံး နှစ်လုံး ကြဲချခဲ့ခြင်းကြောင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးပြီး အသက်မပြည့်သည့် ကလေးငယ် နှစ်ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် စုစုပေါင်း ဒေသခံ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
”အခုလို ရက်ဆက်ပြီး ဗုံးကြဲနေတာရယ်၊ လေကြောင်းက တိုက်ခိုက်နေတာတွေက ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကြဲနေတယ်လို့ ကျနော်က ယူဆတယ်။ စစ်ကော်မရှင်က တစ်ဖက်မှာလည်း အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အခုလို ပြည်သူတွေကို အကြောက်တရားသွင်းနေတာ။ လူထုကို ခြိမ်းခြောက်နေတာဖြစ်ပါတယ်” ဟု တောင်ကုတ်မြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အသက် ၃၂ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
စစ်တပ်ကအမ်း၊ ဂွ၊ သံတွဲ၊ တောင်ကုတ်တို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရည်ရွယ်ထားသည့်အတွက် ယခုကဲ့သို့ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ လက်ရှိ ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် AA ထိန်းချုပ်သိမ်းပိုက်ထားသည့် မြို့နယ်များထဲမှ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြား၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တော၊ ပလက်ဝ စသည့် မြို့နယ် ၁၀ ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ဟု စက်တင်ဘာလ ၁၄ ရက်နေ့တွင် စစ်တပ်ပိုင် မီဒီယာများမှ တစ်ဆင့် ထုတ်ပြန် ကြေညာထားသည်။