ခင်သရဖီဦး
စစ်ကောင်စီက ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ထားခြင်းကြောင့် အခြေခံစားသောက်ကုန်အပါအဝင် ကုန်စျေးနှုန်း အဆမတန်မြင့်နေသည့် ရခိုင်တွင် ခိုးမှု၊ လုယက်မှုများ ယခင်ကထက် ပိုများလာသည်ဟု သိရသည်။
လက်ရှိတွင် အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားပြီး အရပ်သားပြည်သူများ ပုံမှန်နေထိုင်မှုမရှိသေးသည့် မြို့များတွင် စားဝတ်နေရေးကြပ်တည်းပြီး ငတ်မွတ်သူများလာကာ ခိုးမှု၊ လုယက်မှုများ ပိုရှိနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်က တောင်ကုတ်မြို့တွင်းရှိ နေအိမ်များကို ဖောက်ထွင်း ခိုးယူသူ ၂၃ ဦးနှင့် ခိုးရာပါပစ္စည်းများအား လက်ခံဝယ်ယူထားသူ ခြောက်ဦးတို့ကို အာရက္ခတပ်တော် (AA) လက်အောက်ခံ ရဲဌာန (DELEPS) က ဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် ဇူလိုင်လ ၂၄ ရက်ကလည်း ကျောက်တော်မြို့နယ် ပြိုင်းချောင်းရွာတွင် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦး ညအချိန် အိပ်ပျော်နေစဉ် သတ်ဖြတ်ခံရပြီး နေအိမ်ရှိ ရွှေ သုံးကျပ်သား၊ ဖုန်းတစ်လုံးနှင့် ငွေကျပ်သုံးသိန်းတို့ လုယက်ခံခဲ့ရသည်။
သံတွဲမြို့တွင်လည်း ဇွန်လ ၈ ရက် ညနေပိုင်းက ဆိုင်ကယ် စီးလာသည့် ဒေသခံတစ်ဦးကို လူငယ် သုံးဦးက ရိုက်နှက်ပစ္စည်းလုယက်မှုဖြစ်ပွားခဲ့သည်။ ထို့အပြင် မြို့သိမ်းပြီးကာလများကလည်း ရခိုင်ပြည်နယ် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ သံတွဲ၊ ဘူးသီးတောင် စသည့်မြို့များရှိ နေအိမ်၊ ဆိုင်ခန်းများမှ ပစ္စည်းများကို ဝင်ရောက်ခိုးယူသူများစွာရှိခဲ့သည်။
ထိုသို့ ခိုးမှု၊ လုယက်မှုများ အဓိကလဖြစ်ပွားနေရသည့်အကြောင်းရင်းမှာ စားဝတ်နေရေးကြပ်တည်း၊ ငတ်မွတ်မှုနှင့် တရားဥပေဒစိုးမိုးမှုအားနည်းခြင်းတို့ကြောင့် ဖြစ်သည်ဟု အသက် ၂၇ နှစ်အရွယ် တောင်ကုတ်ဒေသခံ လူငယ်တစ်ဦးက ဆိုသည်။
“ပြည်သူတွေ စားဝတ်နေရေးကတော့ အခက်အခဲ အကျပ်အတည်းတွေကတာ့ ခေတ်အဆက်ဆက် ရှိနေတာရှိတယ်။ ဒါပေမဲ့ အခုကာလမှာ အရင်ထက် ပိုပြီး ခက်ခဲနေကြပါတယ်။ အဲဒီအတွက်ကြောင့်လည်း ခိုးတာတွေလည်း ပါတယ်။ ခိုးဖို့ သီးသန့် လူတွေလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။
စစ်ဘေးရှောင်ဒုက္ခသည် ခုနှစ်သိန်းဝန်းကျင်ရှိနေသည့် ရခိုင်တွင် စားဝတ်နေရေးကြပ်တည်းခက်ခဲမှု၊ ငတ်မွတ်မှုတို့ကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်သူများပင် ရှိနေကြသည်။ ထိုစစ်ဘေးရှောင်ဒုက္ခသည်များသည် ကူညီရေးအဖွဲ့များ၏ အထောက်အပံ့ မရကြတော့သည်မှာ နှစ်ဝက်ခန့်ရှိပြီဖြစ်သည်။
စစ်ဘေးရှောင်များအပြင် မိမိနေရပ်တွင် နေထိုင်သည့် ဒေသခံများသည်လည်း အလုပ်အကိုင်ရှားပါးမှု၊ ကုန်စျေးနှုန်းကြီးမြင့်မှုတို့ကြောင့် စားဝတ်နေရေးအကြပ်အတည်းများနှင့် ကြုံနေကြရသည်။
“ငတ်ရင် ခိုးကြတော့တာပေ့ါ။ ငတ်လို့ ခိုးတာရှိသလို တစ်ဖက်မှာလည်း ခိုးတဲ့သူတွေကို ဖမ်းဆီးနိုင်မှု အပြည့်အ၀ မရှိဘူး။ အဲလိုဆိုတော့ ဆက်ခိုးကြတာပေ့ါ” ဟု ပေါက်တောမြို့နယ်မှ အသက် ၂၈ နှစ်အရွယ် ပေါက်တောဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ကြောင့် ရခိုင်ပြည်တွင်း ခိုးမှု၊ လုယက်မှုများတွင် ပါဝင်သူများအားလုံးကို ဖမ်းဆီးအရေးယူရန် လိုအပ်ပြီး စားဝတ်နေရေးကြပ်တည်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်းတီးပေးရန်၊ အခြေခံစားသောက်ကုန်စျေးနှုန်းများ ကျဆင်းစေရေး လုပ်ဆောင်ပေးရန်လည်း လိုအပ်ကြောင်း ထောက်ပြကြသည်။
ပုံစာ – တောင်ကုတ်တွင် ခိုးယူသူများအား DElEPS မှ ဖမ်းဆီထားသည့်ကို တွေ့ရစဥ်