ယမန်နေ့ ညသန်းခေါင်မှစ၍ အပစ်ရပ်စဲရန် သဘောတူထားသည်ကို ကမ္ဘောဒီးယားက ချိုးဖောက်ခဲ့သည်ဟု ထိုင်းက စွပ်စွဲခဲ့ပြီး နယ်စပ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု နိုင်ငံတကာသတင်းဖော်ပြချက်များအရ သိရသည်။
တော်ဝင်ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဝင်းထိုင်း ဆူဗာရီးက ကမ္ဘောဒီးယားသည် တစ်ညတာအတွင်း ထိုင်းပိုင်နက် “နေရာများစွာကို” တိုက်ခိုက်ခဲ့ကြောင်း ပြောခဲ့သည်။ ၎င်းက ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားက “သဘောတူညီချက်ကို တမင်တကာ ချိုးဖောက်ခြင်းဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုကို ဖျက်ဆီးရန် ရည်ရွယ်သည်” ဟု မှတ်ယူကြောင်းလည်း ပြောခဲ့သည်။
ထိုင်းစစ်တပ်ဘက်မှ ညသန်းခေါင်ယံတွင် ချက်ချင်း ပစ်ခတ်မှုရပ်စဲခဲ့သော်လည်း ကမ္ဘောဒီးယား၏ လုပ်ရပ်များကို တုံ့ပြန်ခဲ့သည်ဟုလည်း ဝင်းထိုင်းက ထပ်လောင်းပြောခဲ့သည်။ “ထိုင်းဘက်က စစ်အင်အားကို ကျူးကျော်ဖို့ အသုံးမပြုခဲ့ဘဲ နိုင်ငံတကာစည်းမျဉ်းတွေအောက်မှာ ကျူးကျော်ဝင်ရောက်မှုကို တားဆီးဖို့နဲ့ အမျိုးသားအချုပ်အခြာအာဏာကို ထိန်းသိမ်းဖို့အတွက်ပဲ အသုံးပြုခဲ့တယ်ဆိုတာ ကျွန်တော် အတည်ပြုပါတယ်” ဟု ၎င်းက ဆိုသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန် မာနက်ကတော့ ယနေ့နံနက်ပိုင်း ၎င်း၏ ဖေ့စ်ဘွတ်တွင် “သန်းခေါင်ယံ ၁၂ နာရီမှာ အပစ်ရပ်စဲပြီးကတည်းက ရှေ့တန်းက ငြိမ်သက်သွားပြီ” ဟု ဖော်ပြထားသည်။ နှစ်နိုင်ငံစလုံးသည် မလေးရှားတွင် ဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် တနင်္လာနေ့တွင် “ချက်ချင်းနှင့် အကြောင်းပြချက်မရှိ” အပစ်ရပ်စဲရန် သဘောတူညီခဲ့ကြသည်။
ထိုင်း ကမ္ဘောဒီးယားနယ်စပ်အငြင်းပွားမှုမှ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် လူအနည်းဆုံး ၃၈ ဦး သေဆုံးပြီး ၃၀၀,၀၀၀ ကျော် ရွှေ့ပြောင်းနေထိုင်ခဲ့ရသည်။ ထိုင်းအာဏာပိုင်များက နယ်စပ်ဒေသများမှ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသူများကို နောက်ထပ်အသိပေးစာ မထုတ်ပြန်မချင်း နေအိမ်သို့ ပြန်မလာရန် သတိပေးထားသည်။
ငြိမ်းချမ်းရေးသဘောတူညီချက်အရ နှစ်ဖက်စစ်ဘက်ဆိုင်ရာ တပ်မှူးများသည် ဒေသစံတော်ချိန် ယနေ့ နံနက် ၇ နာရီတွင် တွေ့ဆုံရန် စီစဉ်ထားခဲ့သော်လည်း ထိုင်းနိုင်ငံက ကမ္ဘောဒီးယားအား အပစ်ရပ်စဲရေးကို ချိုးဖောက်သည်ဟု စွပ်စွဲပြီးနောက် နံနက် ၁၀ နာရီအထိ ရွှေ့ဆိုင်းခဲ့သည်။
နယ်စပ်ဖြတ်ကျော်ကော်မတီကလည်း တင်းမာမှုများကို ထပ်မံဖြေလျှော့နိုင်ရန် သြဂုတ်လ ၄ ရက်တွင် ကမ္ဘောဒီးယား၌ တွေ့ဆုံရန် စီစဉ်ထားသည်။
သတင်း – The Guardian
ပုံစာ – ပြီးခဲ့သည့်ရက်ပိုင်း ပစ်ခတ်မှုများအတွက် ပျက်စီးခဲ့ရသည့် အဆောက်အဦးများ (ဓာတ်ပုံ- Khaosod)