ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တကြောက ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ဦးဆောင်နေသည့် တရုတ်နိုင်ငံသား ကျားဖြန့်ခေါင်းဆောင် ၁၄ ဦးအား ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF မှ ထိန်းသိမ်းနိုင်ခဲ့သည်ဟု သိရသည်။
ထိုသို့ ထိန်းသိမ်းနိုင်ခဲ့သည့် ကျားဖြန့် ခေါင်းဆောင် တရုတ်နိုင်ငံသား ၁၄ ဦးအား အခြား ကျားဖြန့်လုပ်သား ၈၀ နှင့်အတူ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ မှ တဆင့် ထိုင်းနိုင်ငံဘက်သို့ ယနေ့ လွှဲပြောင်းပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံ တာဝန်ရှိသူများက မဲဆောက်မြို့ လေယာဉ်ကွင်းသို့ လေယာဉ်နှစ်စင်းဖြင့် လာရောက် ခေါ်ဆောင်သွားသည်ကို တွေ့ရသည်။
“လွှဲဖို့ ကျွန်တော်တို့ ၁၃ နိုင်ငံ ကျန်သေးတယ်။ ဖြည်းဖြည်းချင်း ဒီအလုပ်တွေကို လုပ်ဆောင်နေတယ်လေ။ ရွှေကုက္ကုလ်အနေနဲ့တော့ အခု အဝင်လုံးဝ မရှိတော့ဘူး” ဟု ကရင်နယ်ခြားစောင့်တပ် BGF ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။
ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ လကုန်ပိုင်းမှ စတင်၍ နှိမ်နင်းနေသော်လည်း ခုနှစ်လ ကြာမြှင့်သည့် အထိ အမြစ်ပြတ် ရှင်းလင်းနိုင်ခြင်း မရှိသေးပေ။
ကျားဖြန့်ဂိုဏ်းများသည် မြဝတီမြို့တကြောရှိ ရွှေကုက္ကိုလ်၊ မဲ့ထော်သလေးနှင့် ကျောက်ခက်နယ်မြေတို့တွင် နေရာယူလုပ်ကိုင်နေကြခြင်းဖြစ်သည်။
ယင်းလုပ်ငန်းများအား စတင်နှိမ်နင်းသည့်အချိန်တွင် အဆိုပါ ကျားဖြန့်ဂိုဏ်းများသည် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ရွှေ့ပြောင်းသွားကြသည်။
ကျားဖြန့်ဂိုဏ်းများအား စတင်နှိမ်နင်းချိန်မှစ၍ ယခု ဩဂုတ် ၁၉ ရက်အထိ ၎င်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၉၃၀၀ ကျော်အား ထိန်းသိမ်းထားနိုင်ခဲ့သည်ဟု သိရသည်။