ဒုက္ခသည်များအတွက် ထောက်ပံ့ကြေးများနှင့် တတိယနိုင်ငံသို ထွက်ခွာခွင့်များ ရပ်ဆိုင်းခံခဲ့ရသည့် ထိုင်းနိုင်ငံ နယ်စပ်က ဒုက္ခသည် စခန်းများတွင် နေထိုင်သူများအား တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုရန် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တောင်းဆိုလိုက်သည်ဟု ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် The Reporters သတင်းတွင် ဖော်ပြထားသည်။
ယင်းသို့ အမေရိကန်သမ္မတ ထရမ့်တက်လာပြီးနောက် လူသားချင်းစာနာမှုအကူအညီများ ရပ်ဆိုင်း၊ ဖြတ်တောက်ခံလိုက်ရခြင်းကြောင့် အဆိုပါ ဒုက္ခသည်စခန်းများတွင် နေထိုင်သူများမှာ စားသောက်ရေးအတွက် အခက်အခဲမျိုးစုံ ကြုံတွေ့နေကြရသည်ဟု သိရသည်။
ထို့ကြောင့် ထိုင်း-နယ်စပ်ရေးရာ၊ အမျိုးသားမဟာဗျူဟာနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီထံသို့ ထိုင်း-မြန်မာနယ်စပ်တွင် ကူညီထောက်ပံ့မှုများ လုပ်ဆောင်နေသည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ စာပေးပို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ဒုက္ခသည်များ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရေးအတွက် တောင်းဆိုသည့် စာနှင့် ပတ်သက်၍ နိုင်ငံတော်လုံခြုံရေးနဲ့ နယ်ခြားကော်မတီဥက္ကဌက အမျိုးသားလုံခြုံရေးကောင်စီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် တာ့ခ်ပြည်နယ် အုပ်ချုပ်ရေးမှူးတို့အတူ ဆွေးနွေး အဖြေရှာမည်ဟု ပြန်လည် တုံပြန်ခဲ့သည်။
လုံခြုံရေးကော်မတီသည် ၎င်းကိစ္စကို ယခင်က သုံးသပ်ပြီး သက်ဆိုင်ရာဌာနများသို့ အကြံပြုချက်များ ပေးပို့ခဲ့ပြီးဖြစ်သော်လည်း လက်တွေ့ကျင့်သုံးနိုင်သော နည်းလမ်းများကို ရှာဖွေရန်အတွက် ဆက်လက်ဆွေးနွေးရန် လိုအပ်နေသေးသည်ဟုလည်း ၎င်းက ပြောခဲ့သည်။
“အနောတို့က ဒီစခန်းကနေ ဘယ်မှလည်း ထွက်လို့ မရဘူး။ ထောက်ပံ့ကြေးလည်း မရဘူးဆိုရင် သေဖို့ပဲ ရှိတော့တယ်။ ဒါကြောင့် စခန်းအတွင်းက ထွက်ပြီး အလုပ်လုပ်ကိုင်ခွင့်ပြုစေချင်တယ်” ဟု အုန်းဖြန်ဒုက္ခသည်စခန်းတွင် နေထိုင်သည့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၇ ခုတွင် ကျန်းမာရေးစောင့်ရှောက်မှု၊ ရေ၊ အမှိုက်သိမ်းခြင်းနှင့် စားနပ်ရိက္ခာထောက်ပံ့မှု အကူအညီများအားလုံးကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်မှ စတင်၍ လုံးဝ ရပ်ဆိုင်းတော့မည် ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများတွင် လက်ရှိ မြန်မာစစ်ဘေးရှောင်ဒုက္ခသည် တစ်သိန်းခန့်အထိ ရှိသည်ဟု The Border Consortium – TBC ၏ ၂၀၂၅ ခုနှစ်၊ မေလတွင် ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
အဆိုပါဒုက္ခသည်အများစုသည် ကရင်၊ ကရင်နီနှင့် ဗမာတိုင်းရင်းသားများ ဖြစ်ကြပြီး ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက မြန်မာပြည်တွင်း ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြသူများ ဖြစ်သည်။
#ထိုင်းမြန်မာနယ်စပ် #ဒုက္ခသည် #တရားဝင်အလုပ်လုပ်ကိုင်ခွင့် #ThanLwinKhetNews