ခင်သရဖီဦး
ရခိုင်ပြည်ထုတ် တောအရက်များတွင် သောက်သုံးရန် မသင့်သည့် မယ်သနော အဆိပ်ဓာတ် ၁၂ ရာခိုင်နှုန်းထိ ပါဝင်နေသည်ဟု အာရက္ခတပ်တော် AA က သတိပေးထားသည်။
အေအေ၏ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တောအရက်ဆိုသည်မှာ စနစ်တကျ အဆင့်ဆင့် ပေါင်းခံ ချက်လုပ်ထားခြင်းမဟုတ်၍ အဆိပ်ဓာတ် မယ်သနော ၅ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းထိ ပါဝင်နေပြီး သုံးလ ဆက်တိုက် သောက်သုံးလျှင် အသေစောသည့် အရက် တစ်မျိုးဖြစ်ကြောင်း ပြောဆိုထားသည်။
သို့သော် မြေပြင်တွင် တောအရက် ရောင်းချခြင်းအားလည်း တားဆီးပိတ်ပင်ခြင်းများ မရှိသကဲ့သို့ သောက်သုံးသူများမှာလည်း ဆက်လက်သောက်သုံးနေကြဆဲဖြစ်သည်။
အာရက္ခအစိုးရအနေဖြင့် ယခု တောအရက်မှာ အရည်အသွေးမပြည့်မှီလျှင် အရည်အသွေးပြည့်မှီသည့် အရက်များကို ထုတ်လုပ်သင့်သည်ဟု အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးကဆိုသည်။
”အခု ရခိုင်မှာ သောက်နေတဲ့ တောအရက်တွေက အရည်အချင်း မပြည့်မှီလို့ရှိရင် အရည်အချင်းပြည့်မှီတဲ့ အရက်ထွက်အောင် ဘယ်လိုလုပ်မလဲဆိုတာကို အစိုးရဘက်ကလည်း စဉ်းစားပေးသင့်တယ်။ အရက်သမားတွေကို စာနာထောက်ထားတဲ့အနေနဲ့ ဒီအရက်သောက်ရင် သေမယ်ဆိုရင် မသေတဲ့ အရက်တွေ ထုတ်ပေးသင့်တယ်” ဟု ၎င်းက ပြောသည်။
အာရက္ခတပ်တော်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်မှ စတင်ပြီး ပြည်ပအရက်၊ ဘီယာ၊ ဝိုင်စသည့် ယစ်မျိုးကုန်မျိုးစုံအား သောက်သုံးခြင်း၊ ရောင်းချခြင်းနှင့် သိုလှောင်ခြင်းများကို လုံးဝ ပိတ်ပင်လိုက်ပြီး ရောင်းချ သောက်သုံးသူများကို ထိရောက်စွာ အရေးယူသွားမည်ဟု ဆိုထားသည်။ တားဆီးပြီးနောက်တွင် ဒေသခံများမှာ တောအရက် တစ်မျိုးတည်းကိုသာ ရွေးချယ်သောက်သုံးခွင့် ရှိတော့သည်။
ထိုသို့ ကျန်းမာရေးဌာနမှ အဆိပ်ဓါတ် ၁၂ ရာခိုင်နှုန်းအထိ ပါဝင်နေသည်ဟု ထုတ်ပြန်ထားသော်လည်း အေအေအနေဖြင့် လက်ရှိ ရခိုင်တွင် ထုတ်လုပ်နေသည့် တောအရက်နှင့်ပတ်သက်၍ စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို သေချာမတွေ့ရကြောင်းနှင့် သေချာစစ်ဆေးပြီး လူတိုင်း ကျန်းမာရေးနှင့်အညီ သောက်သုံးနိုင်သည့် အရက်မျိုးကို ထုတ်လုပ်သင့်ကြောင်း ဒေသခံများက မှတ်ချက်ပြုကြသည်။
ပေါက်တောမြို့နယ်မှ အသက် ၂၇နှစ် အရွယ် လူငယ်တစ်ဦးက ” အေအေက အရက်၊ ဘီယာတွေကို ပိတ်လိုက်တော့ ဒေသထွက် က ပေါလာတယ်။ ဒီအပေါ်မှာပဲ ကျန်းမာရေးနဲ့ ဆိုင်တဲ့ အန္တရာယ်တွေ ပါလာတယ်။ ကြာရင် သောက်သုံးသူတိုင်း ကျန်းမာရေးဆိုးဆိုးရွားရွား ထိခိုက်နိုင်တယ်။ အေအေကလည်း ဒေသထုတ်အရက်တွေနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် စစ်ဆေးထုတ်လုပ်ခွင့်မျိုး လုပ်တာ မတွေ့ရဘူး။ ဒါကြောင့် သေချာစစ်ဆေးပြီး လူတိုင်းကျန်းမာရေးနဲ့ ညီညွတ်အောင် မှီဝဲနိုင်မယ့်အရာ တစ်ခုကို လုပ်သင့်တယ်။ ဥပမာ စိတ်ချစွာ မှီဝဲနိုင်မယ့် အရက်တစ်မျိုးမျိုးလိုပေါ့။ ဒီအတိုင်းဆိုရင် ထုတ်လုပ်တဲ့လူတွေကလည်း အရက်များများ ထုတ်လုပ်နိုင်ရေးအတွက် ဘဘာဝ မဟုတ်ဘဲ ထုတ်လုပ်မှုများဖို့ ကြိုးစားလုပ်ကြမှာပဲ” ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်းတွင် တောအရက်များ ချက်လုပ် ရောင်းချရန် အေအေထံတွင် လုပ်ငန်းလိုင်စင်နှင့် ခွင့်ပြုချက် တောင်းခံရန် မလိုအပ်သော်လည်း ဆိုင်အကြီး အသေးအပေါ် မူတည်၍ အရက်ရောင်းချသည့် အခွန်အဖြစ် အနည်းဆုံး ငါးသောင်းကျပ်မှ သုံးသိန်းကျပ်အထိ ပေးဆောင်ရသည်။
အာရက္ခတပ်တော်အနေဖြင့် ပြည်မဘက်မှ တင်သွင်းသည့် အရက်၊ ဘီယာများထဲတွင် စစ်ကောင်စီပိုင် ကုမ္ပဏီများမှ ထုတ်လုပ်သည့် အရက်၊ ဘီယာ များစွာ ပါဝင်သည်ဟု အကြောင်းပြကာ ယခုကဲ့သို့ ပိတ်ပင်ထားခြင်းဖြစ်သည်။