ခင်သရဖီဦး
ရခိုင်ပြည်နယ်အတွင်းက လွတ်မြောက်နယ်မြေများတွင် အာရက္ခတပ်တော် AA မှ ဖွင့်လှစ်ပေးထားသည့် အင်တာနက်အား မြို့အားလုံးတွင် ယနေ့ ဇူလိုင်လ ၁၇ ရက်မှစ၍ တန်းတူဈေးတစ်ခုအား သတ်မှတ်ပေးလိုက်သည်ဟု သိရသည်။
အာရက္ခတပ်တော်၏ ပြည်သူ့ဝန်ဆောင်မှုဌာနမှ ဖွင့်လှစ်ထားသည့် နေရာများတွင် ယခင်က တစ်မြို့နှင့် တစ်မြို့ အင်တာနက်အသုံးပြုခ မတူညီသည့်အပြင် ဈေးနူန်းမှာလည်း နာရီဝက်အတွက် တချို့မြို့များတွင် ကျပ် ၅၀၀၀ အထိ ပေးရသည်ဟု ဆိုသည်။
သို့သော် လက်ရှိတွင် တပ်တော်က ပြည်သူများ သက်သာသည့် နူန်းထားဖြင့် သုံးနိုင်ရန်အတွက် ယနေ့မှစပြီး တစ်နာရီလျှင် ၂၀၀၀ ကျပ်နူန်းဖြင့် သတ်မှတ်လိုက်သည်ဟု နည်းပညာဌာနမှ အသက် ၄၀ အရွယ် တာဝန်ခံ အမျိုးသားတစ်ဦးက ဆိုသည်။
”တချို့ မြို့နယ်တွေမှာ ဒီနေ့ကနေ စတယ်။ ပြည်သူတွေ ဈေးသက်သာနဲ့ သုံးလို့ရအောင် အခုလို လုပ်တာပါ” ဟု ၎င်းက ပြောသည်။
ထိုသို့ ဈေးနူန်းသတ်မှတ်လိုက်သည့်အပေါ် ပြည်သူတစ်ဦးအနေဖြင့် ကြိုဆိုကြောင်း မင်းပြားမှ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
၎င်းက ”အရင်ကဆိုရင် ၅၀၀၀ ကနေ အခု ၂၀၀၀ ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် လူတွေကို အကန့်အသတ်နဲ့ ပိုပြီးတော့မှ လုပ်ပေးစေချင်တာလေးရှိတယ်။ လူများလို့ အင်တာနက်မကောင်းတာမျိုးကလည်း အဆင်မပြေဘူးလေ” ဟု ပြောသည်။
အာရက္ခတပ်တော် (AA) အနေဖြင့် ရခိုင်ရှိ မြို့နယ်တချို့တွင် ယခုကဲ့သို့ Starlink များ ဖွင့်ပြီး ပြည်သူဝန်ဆောင်မှုဌာနဖြင့် အင်တာနက်အား အချိန်အကန့်အသတ်ဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။
ယခုကဲ့သို့ တန်းတူဈေး မသတ်မှတ်ခင်က မြို့နယ်တချို့တွင် အင်တာနက်ဈေးများ မတူညီဘဲ တချို့မြို့နယ်များတွင် နာရီဝက်ကို ကျပ် ၅၀၀၀ ပေးသုံးနိုင်သော်လည်း တချို့မြို့နယ်များတွင် အနည်းဆုံး တစ်နာရီစာ ကျပ် ၁၀၀၀၀ ထိ ပေးပြီး သုံးကြရသည်။
AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်များအား လျှပ်စစ်မီး၊ ကုန်စည်သယ်ယူခွင့်နှင့် အင်တာနက်၊ ဖုန်းလိုင်းများအား စစ်ကောင်စီမှ ဖြတ်တောက်ထားခဲ့သည်မှာ နှစ်ရှည်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။