ဘုန်းမောင်
မြန်မာပြည်သူတွေဟာ အာဏာရှင်စနစ်နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နှစ်ရှည်လများ ခါးစည်း ခံခဲ့ကြရပါတယ်။ ပိုပြီး ဝမ်းနည်းစရာကောင်းတာက မကြာသေးခင်က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်က တစ်ပူပေါ် နှစ်ပူဆင့်ရုံသာမက၊ လေး ငါး ခြောက်ပူ ထပ်ဆင့်ခဲ့တဲ့ အကြောင်းပါပဲ။ လက်ရှိ မြန်မာပြည်သူတွေ ကြုံနေရတဲ့ ကပ်ဆိုးကြီးက အပြုသဘောဆောင်တဲ့ အပြောင်းအလဲအတွက် အထောက်အကူ ဖြစ်နိုင်ပါရဲ့လား. . .? တဲ့။ ဒါကို လူတိုင်းနီးပါးက စိတ်ဝင်စားနေကြပါတယ်။
ပထမတစ်ချက်က ငလျင်ဒဏ်သင့်ဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်တဲ့အခါ ခွဲခြားမှု မရှိဘဲ ပေးအပ်နိုင်ဖို့အတွက် ပဋိပက္ခဖြစ်ပွားနေတဲ့ နှစ်ဖက်အဖွဲ့အစည်းကြား အပစ်အခတ်ရပ်စဲရေးအတွက် အခွင့်အလမ်း ရှိနေပါတယ်။
စစ်ကိုင်းငလျင် လှုပ်ခတ်ပြီးတဲ့နောက် ဧပြီလ ၂ ရက်ကနေ ၂၂ ရက်အထိ၊ ဧပြီလ ၂၃ ရက်ကနေ ၃၀ ရက်အထိ ယာယီအပစ်အခတ်ရပ်စဲကြောင်း နှစ်ကြိမ် ကြေညာခဲ့ပါတယ်။ မေလ ၅ ရက်မှာတော့ မေလ ၃၁ ရက်အထိ တတိယအကြိမ်အဖြစ် အပစ်အခတ်ရပ်စဲရေးသက်တမ်း ထပ်မံတိုးမြှင့်ခဲ့ပြန်ပါတယ်။
အလားတူ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA၊ တအာင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် – TNLA နဲ့ အာရက္ခတပ်တော် – AA တို့ကလည်း မေလကုန်အထိ အပစ်အခတ် ရပ်စဲကြောင်း ကြေညာထားပါတယ်။
စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးကို သုံးကြိမ် တိုးမြှင့်ခဲ့တယ်ဆိုပေမယ့် မကြာသေးတဲ့ ရက်တွေအတွင်းမှာပဲ စစ်ကောင်စီဟာ အတိုက်အခံ အင်အားစုတွေ လက်အောက်က နယ်မြေတွေကို ဆက်ပြီး ဗုံးကြဲတိုက်ခိုက်တာ၊ အတိုက်အခံအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေဆီ အကူအညီပေးပို့မှုတွေအပေါ် အနှောင့်အယှက်ပေးတာ စတဲ့ လုပ်ဆောင်မှုတွေနဲ့အတူ စစ်ကောင်စီဟာ သူရဲ့ ကတိမတည်မှုကို ပြသခဲ့ပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေကို လေ့လာကြည့်ရင် လက်ရှိအနေအထားက ဟန်ချက် မညီဘဲ နောက်ပြန်ဆုတ်နေတာတွေ့ရပါတယ်။ ထိုင်းနိုင်ငံဟာ ကုလသမဂ္ဂနဲ့ အာဆီယံတို့က သတ်မှတ်ထားတဲ့ နှုန်းစံတွေကို လိုက်နာဖို့ ဦးစားပေးရပ်တည်သင့်တဲ့ အချိန်မှာပဲ မကြာသေးခင်က ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း – BIMSTEC (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation) ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံက အာဏာသိမ်းခေါင်းဆောင် ကိုယ်တိုင် တက်ရောက်ဖို့ ထိုင်းနိုင်ငံအာဏာပိုင်တွေက လမ်းဖွင့်ပေးခဲ့ပါတယ်။
ကုလသမဂ္ဂက လက်ရှိအချိန်အထိ မြန်မာစစ်ခေါင်းဆောင်ကို UN ရဲ့ အဓိက အစည်းအဝေးတွေ တက်ရောက်ဖို့ ဖိတ်ကြားခြင်း မရှိသေးပါဘူး။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အစောပိုင်းမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး ကမ္ဘာ့နိုင်ငံအများအပြားကလည်း ရှုတ်ချခဲ့ကြပါတယ်။ အာဆီယံဆိုရင်လည်း ဘုံသဘောတူညီချက် ၅ ချက် (5PC) ချမှတ်ပြီး စစ်ခေါင်းဆောင်ကို တရားဝင်အသိအမှတ် မပြုသေးသလို အဖွဲ့ရဲ့ အစည်းအဝေးတွေ မတက်ရောက်ဖို့ ကန့်သတ်ခဲ့ပါတယ်။
စစ်ခေါင်းဆောင်အပေါ် ထားတဲ့ ကုလသမဂ္ဂနဲ့ အာဆီယံတို့ရဲ့ ရပ်တည်ချက်တွေကို ထိုင်းနိုင်ငံအာဏာပိုင်တွေက ဖျက်ဆီးပစ်ချင်နေတာလား. . . . . .?
ထိုင်းနိုင်ငံဟာ နဂိုကတည်းက အမျိုးသားမူဝါဒနဲ့ ကိုက်ညီတဲ့ အမျိုးသားအကျိုးစီးပွား မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးစီးပွားပေါ် အခြေခံထားတဲ့ ထိုင်းအမျိုးသားရေးမူဝါဒအန္တရာယ်က ထိုင်းနိုင်ငံကို တိတ်တဆိတ် ဝါးမျိုနေပါတယ်။ အမြဲတမ်းဆိုသလို ထိုင်းနိုင်ငံဟာ အဲဒီအတိုင်း ကျင့်သုံးလေ့ရှိခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားကို ကျော်လွန်ဖို့ဆိုရင် ထိုင်းနိုင်ငံရဲ့ အမျိုးသားရေးမူဝါဒမှာ အနည်းဆုံး အချက် ၅ ချက် ရှိဖို့ လိုအပ်ပါတယ်။
ပထမဆုံးအချက်က ထိုင်းနိုင်ငံရဲ့ အမျိုးသားရေးဝါဒဟာ စစ်ကောင်စီရဲ့ အသက်သွေးကြောတွေကို ဖြတ်တောက်ပစ်မယ့် မူဝါဒမျိုးဖြစ်ဖို့ လိုပါတယ်။ အဲဒီလိုဖြတ်တောက်ရာမှာလည်း အနည်းဆုံး မျက်နှာစာ ၃ မျိုးကနေ ဖြတ်တောက်ပစ်ဖို့ လိုပါတယ်။ အဲဒီမျက်နှာစာ ၃ မျိုးက ငွေကြေး၊ လက်နက်နဲ့ တရားဝင်မှုပါ။
အဲဒါကိုပဲ ပြီးခဲ့တဲ့လတုန်းက ထိုင်းပါလီမန်မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ် အင်ဒရူးက တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ထင်ရှားတဲ့ အချက် တစ်ချက်က ထိုင်းနိုင်ငံရဲ့ အဓိကဘဏ်တစ်ခုက မြန်မာနိုင်ငံက ဘဏ်တစ်ခုဆီ ငွေလွှဲဖို့ ငြင်းဆိုခဲ့တဲ့ ကိစ္စဖြစ်ပြီး အင်ဒရူးက အဲဒါကို ကြိုဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကို ရောက်သွားမယ့် ငွေတွေက နောက်ဆုံးမှာတော့ စစ်ကောင်စီနဲ့ သူ့ရဲ့ အင်အားစုတွေ ဆက်အသက်ရှင်ဖို့ အကူအညီပေးနိုင်တဲ့အတွက် အခုလို ဖြတ်တောက်ပစ်လိုက်တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်းမှာ ရင်းနှီးမြှုပ်နှံကြမယ့် ထိုင်းကုမ္ပဏီတွေအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ မပတ်သက်မိအောင် ဂရုစိုက်သင့်ပါတယ်။ အဲဒီလို ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်တာက စစ်ကောင်စီကို ပိုပြီး ကြီးထွားစေနိုင်တဲ့ အဖိုးတန်ကျောက်မျက်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့နဲ့ ဆက်စပ်နေတဲ့ စွမ်းအင်ကဏ္ဍ အပါအဝင် သဘာဝအရင်းအမြစ်တွေကို စတေးပြီး ရရှိလာတဲ့ သွေးစွန်းငွေတွေနဲ့ ဆက်စပ်နေတဲ့အတွက်ကြောင့်ပါ။
သက်ဦးဆံပိုင် အလေ့အကျင့်တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်စပ်နေတဲ့ အန္တရာယ်တွေကို ဖော်ထုတ်နိုင်ဖို့ တာဝန်ယူမှုရှိတဲ့ ဆောင်ရွက်ချက်တွေကို စီးပွားရေးကဏ္ဍမှာ အလွန်အမင်း လိုအပ်နေပါတယ်။ စစ်ကောင်စီနဲ့ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်တာကို လျှော့ချဖို့နဲ့ တချို့အခြေအနေတွေမှာတော့ လုံးဝ လက်တွဲဖြုတ်ပစ်တာမျိုး ဆောင်ရွက်ဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အရေးယူပိတ်ဆို့မှုတွေ ခံရနိုင်ပါတယ်။
နောက်ပြဿနာတစ်ခုက စစ်ကောင်စီရဲ့ တရားဝင်မှုဖြစ်ပြီး “ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံရဲ့ ဘယ်အစိုးရကိုယ်စားလှယ်က နေရာရသင့်သလဲ. . . . .?” ဆိုတဲ့ မေးခွန်းပါ။ နှစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ တရားဝင်မှုကို တောင်းဆိုနေကြရာမှာ ခိုင်မာအောင် သက်သေပြနိုင်တဲ့ အထောက်အထားတွေပေါ် မူတည်နေပြီး ကုလသမဂ္ဂကလည်း ဒီပြဿနာကို မဖြေရှင်းနိုင်သေးပါဘူး။
ပြဿနာပြေလည်အောင် မဖြေရှင်းနိုင်သေးတဲ့အတွက်ကြောင့်လည်း စစ်ကောင်စီကိုယ်စားလှယ် တစ်ယောက်ယောက်ကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖြစ် နေရာမပေးထားသေးပါဘူး။ ၂၀၂၆ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ စစ်ကောင်စီက မျှော်မှန်းထားပြီး ဒီရွေးကောက်ပွဲကို အားလုံးက တညီတညွတ်တည်း ကန့်ကွက်သင့်ပါတယ်။
ဒုတိယအချက်ကတော့ မြန်မာပြည်သူတွေအတွက် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ဆက်ပြီး ပေးသင့်ပါတယ်။ မကြာသေးခင်ကပဲ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံက မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီတွေ ရပ်တန့်ပစ်လိုက်တဲ့အတွက် မြန်မာနိုင်ငံကို အကူအညီပေးရာမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ တကယ်တော့ မြန်မာပြည်သူတွေ အကူအညီ လိုအပ်နေတာက ငလျင်မလှုပ်ခင်ကတည်းကပါ။
စစ်ပွဲအပြင် ငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကြောင့် အကူအညီ လိုအပ်နေတဲ့ ဒေသတွေဆီ ဝင်ရောက်နိုင်ဖို့က အလွန်ကိုပဲ အရေးကြီးပါတယ်။
စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်က အရပ်ဘက်လူမှုအဖွဲ့အစည်းအချို့ဟာ ရန်ပုံငွေတွေ ရှာဖွေပြီး အဆင်ပြေတဲ့ နည်းလမ်းနဲ့ ဒေသခံပြည်သူတွေဆီ အကူအညီတွေရောက်ဖို့ ကြိုးစားနေတဲ့ အချက်ပါ။ ထိုင်းနိုင်ငံဟာ ဒီလုပ်ငန်းတွေကို (အနည်းဆုံးအနေနဲ့ပဲဖြစ်ဖြစ်) ကူညီအားပေးသင့်ပါတယ်။
တတိယအချက်က မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြသူတွေအတွက် နေရာဆက်ပေးထားဖို့ လိုအပ်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကူညီမှုတွေနဲ့အတူ ကုလသမဂ္ဂအဖွဲ့အစည်းတွေ မြန်မာနိုင်ငံမှာ ဆက်ပြီး ရှိနေဖို့လည်း လိုအပ်ပါတယ်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ရှုထောင့်ကကြည့်ရင် အကူအညီတွေ ပေးနိုင်ဖို့အတွက် နယ်စပ် ဖြတ်ကျော်ဝင်ရောက်ခွင့် အရေးကြီးသလို မြန်မာနိုင်ငံက ဒေသအသီးသီးကို နယ်စပ်ဖြတ်ကျော်သွားလာ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကလည်း မရှိမဖြစ် လိုအပ်ပါတယ်။
စတုတ္ထအချက်က အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့က မရှိမဖြစ် ဆက်ပြီး လိုအပ်နေပါသေးတယ်။ ငလျင်မလှုပ်ခင်ကတည်းက မြန်မာနိုင်ငံက လူပေါင်းသန်း ၂၀ နီးပါးက အကူအညီတွေ လိုအပ်နေခဲ့ပါတယ်။ အဲဒီအချိန်ကတည်းကပဲ မြန်မာပြည်သူ ၃ ဒဿမ ၅ သန်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီးဖြစ်သလို အိမ်နီးချင်းနိုင်ငံတွေမှာတော့ ၂ သန်းဝန်းကျင်ရှိခဲ့ပါတယ်။ မကြာသေးခင်က ပေါ်ပေါက်ခဲ့တဲ့ ကပ်ဆိုးကြောင့် ဒုက္ခသည်အရေအတွက် တိုးလာမှာ အသေအချာပါပဲ။ လူသားတွေအပေါ် ကြီးလေးတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့သူတွေအနေနဲ့ သူတို့ ကျူးလွန်ခဲ့သမျှကို တာဝန်ခံခိုင်းရမှာဖြစ်ပါတယ်။
အဲဒီလိုကိစ္စတွေနဲ့ပတ်သက်ရင်တော့ ဆောင်ရွက်နေတာတွေေ ရှိပါတယ်။ ဥပမာ – လူမျိုးသုဥ်းသတ်ဖြတ်မှု (စွပ်စွဲချက်) နဲ့ ပတ်သက်တဲ့ အမှုဆိုရင် လက်ရှိအချိန်မှာ နိုင်ငံတကာတရားရုံး – ICJ ကို ရောက်ရှိနေပါပြီ။ ICJ ကလည်း အဓိက တာဝန်ရှိတဲ့ စစ်ခေါင်းဆောင် တစ်ဦးချင်းစီရဲ့ ရာဇဝတ်မှု ကျူးလွန်ခဲ့တာတွေကို ကိုင်တွယ် စစ်ဆေးနေတယ်လို့ သိရပါတယ် ။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ယာယီခိုလှုံခွင့် ပေးသင့်ပြီး ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ တွန်းအားပေးတာ၊ နေရပ်ပြန်ပို့တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။
နောက်ဆုံးအချက်ကတော့ စစ်ကောင်စီကို ဘက်ပေါင်းစုံကနေ ဖိအားပေးတာကို အမြင့်ဆုံးအထိ တိုးမြှင့်သင့်ပါတယ်။ BIMSTEC နိုင်ငံတွေက မကြာသေးခင်တုန်းက ကမ်းလှမ်းထားတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေအပေါ် ကြိုဆိုသင့်ပေမယ့် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဆီ ပြန်လည်ဦးတည်နိုင်ရေးနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကို လေးစားသင့်ပါတယ်။
ဘက်ပေါင်းစုံမှာ အစိတ်စိတ်အမွှာမွှာ ပြိုနေတဲ့အချိန်မှာ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ရေရှည် တည်တံ့ဖွံ့ဖြိုးရေးအတွက် ချစ်ကြည်ရင်းနှီးမှုအသစ်တွေ စတင် ပျိုးထောင်သင့်နေပါပြီ။
Ref: Clearer policy on Myanmar is needed