အပစ်ရပ် သက်တမ်း တစ်လတိုးထားသည့် စစ်ကောင်စီသည် မေလ ၉ ရက် တစ်ရက်တည်းတွင် တအာင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်နယ်မြေများကို လေကြောင်းမှ ဒရုန်းများ အသုံးပြု၍ အဆိပ်ငွေ့ဗုံး ၂၁ ကြိမ် ကြဲချတိုက်ခိုက်ခဲ့သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ် နောင်လင်၊ တောင်လှနှင့် သရက်ချိုရွာများသို့ မေ ၉ ရက်တွင် ထိုးစစ်ဆင်လာ သောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု TNLA ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နှင့် ပြင်ဦးလွင်မြို့ကြားရှိ စစ်ကောင်စီ၏ အမှတ် (၉၀၂) အမြှောက်စခန်းကွပ်ကဲမှုဌာနချုပ်မှ လေကြောင်းဒရုန်းများဖြင့် အဆိုပါတစ်ရက်တည်းတွင် လက်နက်ကြီး ၅၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း TNLA က ထုတ်ပြန်ထားသည်။
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ဖြစ်သည့် AA၊ TNLA နှင့် MNDAA တို့သည် ယခုလအကုန်ထိ အပစ်ရပ် ထုတ်ပြန်ထားသလို စစ်ကောင်စီဘက်မှလည်း အပစ်ခတ်ရပ်စဲသည်ဟု မေ ၆ ရက်တွင် ထုတ်ပြန်ထားကြသည်။
ဧပြီလ ၂၈ နှင့် ၂၉ ရက်တို့တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ TNLA နှင့် စစ်ကောင်စီတို့ ဆွေးနွေးပွဲပြီးနောက် စစ်ကောင်စီမှ TNLA ထိန်းချုပ်နယ်မြေများဖြစ်သည့် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ် စသည့်မြို့များကို လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်ဟု မေ ၄ ရက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် TNLA က ပြောဆိုထားသည်။
စစ်ကောင်စီဘက်ကတော့ မြေပြင်စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်ခြင်းများနှင့်ပတ်သက်၍ တစ်စုံတရာထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပေ။