မောင်လှိုင်း
စစ်ကောင်စီသည် တရုတ်နိုင်ငံအကူအညီဖြင့် ကျည်တစ်ချက် ပစ်ဖောက်ခြင်းမရှိဘဲ လားရှိုးမြို့ကို ပြီးခဲ့သည့် ဧပြီလတွင် ပြန်လည်ဝင်ရောက်လာခဲ့သည်။ ကိုးကန့်တပ် MNDAA ကလည်း ဖိအားများကြောင့် လားရှိုးမြို့မှ ပြန်လည် ဆုတ်ခွာခဲ့ရသည်ကို ဝမ်းနည်းကြောင်း ဧပြီလ ၂၆ ရက်တွင် ထုတ်ဖော်ပြောဆိုထားသည်။
လက်ရှိအချိန်တွင် လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုနှင့် လားရှိုးမြောက်ဘက် အေဒီတံတား၊ အနောက်ဘက် အီနိုင်းတံတား၊ တောင်ဘက် မယ်ဟန် အထိ စစ်ကောင်စီတပ်များမှ ထိန်းချုပ်ထားသည်ဟု လားရှိုးမြို့ခံ သုံးဦးထက်မနည်းက သံလွင်ခက်ကို အတည်ပြုပြောသည်။
လားရှိုးမြို့မှ ကိုးကန့်တပ်များသည်လည်း မြို့ပြင်နှင့် သိန္နီ၊ ချင်းရွေဟော်နှင့် လောက်ကိုင်တို့တွင် ပြန်လည် ရွှေ့ပြောင်းနေရာချထားသည်ဟု ကိုးကန့်တပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များက သံလွင်ခက်ကို ပြောဆိုထားသည်။
၁၀၂၇ ပထမနှင့် ဒုတိယအကြိမ် စစ်ဆင်ရေးသည် စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေသည့် နွေဦးတော်လှန်ရေးကိုလည်း အလှည့်အပြောင်းဖြစ်စေခဲ့သည်။ သို့သော် တရုတ်မြန်မာနယ်စပ်နှင့် ထိစပ်နေပြီး ကုန်သွယ်ရေးအရ အရေးပါသည့် နယ်စပ်မြို့ ခုနှစ်မြို့ကို သိမ်းပိုက်ခဲ့သည့် MNDAA အနေဖြင့် တရုတ်ဖိအားများကြောင့် လားရှိုးမှ ပြန်လည်ဆုတ်ခွာခဲ့ရပြီ ဖြစ်သည်။
ထိုကဲ့သို့ ဆုတ်ခွာပေးလိုက်ရခြင်ကြောင့် တစ်ဖက်တွင်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အပေါ် စစ်ရေးနှင့် နိုင်ငံရေး ဖိအားများ ပိုများလာနိုင်သည်ဆိုသည့် နိုင်ငံရေးကျွမ်းကျင်သူများ၏ သုံးသပ်မှုများလည်းရှိနေသည်။
TNLA ထိန်းချုပ်နယ်မြေအတွင်း စစ်ရေးအပြောင်းအလဲ
ပြင်ဦးလွင်နှင့် နောင်ချို့မြို့ကြားရှိ တောင်ခမ်းတိုက်ပွဲသည် ၁၀၂၇ စစ်ဆင်ရေး၏ လက်ကျန် ရှမ်း-မန်း စစ်ဆင်ရေးတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်နှင့် TNLA ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်များအတွက် မဟာဗျူဟာမြောက် အရေးပါသော တိုက်ပွဲတစ်ခုဟု ဆိုနိုင်သည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လကုန်ပိုင်းမှ စတင်လာခဲ့သည့် အဆိုပါတိုက်ပွဲသည် ခုနှစ်လကျော် ကြာမြင့်လာခဲ့ပြီဖြစ်သည်။
စစ်ကောင်စီသည် ယာယီအပစ်ခတ်ရပ်စဲသည်ဟု ထုတ်ပြန်ထားသော်လည်း နောင်ချိုမြို့နယ်ရှိ နောင်လင်၊ ယာပြင်၊ တောင်လှနှင့် သရက်ချို စသည့် TNLA ထိန်းချုပ်ထားသော ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းနှင့် အဆိပ်ငွေ့ဗုံးများကို အသုံးပြု၍ ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု TNLA က မေ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။
တဆက်တည်းတွင် MNDAA သည် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာပေးခဲ့ခြင်းကြောင့် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ၊ သီပေါ၊ နောင်ချို စသည့် ဒေသများကို စစ်ကောင်စီမှ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာနိုင်သည်ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။
“လားရှိုးမြို့ကို စစ်ကောင်စီထိုင်လိုက်လို့ စစ်ရေးအခြေအနေ ပြောင်းလဲခြင်း မဟုတ်ဘဲနဲ့ MNDAA အပစ်ဆိုင်းလိုက်တဲ့အတွက် သူတို့ (စစ်ကောင်စီ) အတွက် ရန်သူတစ်ယောက် လျော့သွားတာပေါ့။ အဲဒါကြောင့် TNLA ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီရဲ့ စစ်ရေးအရှိန်မြင့်မှုတွေကို TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ DPLA (ဓနုလွတ်မြောက်ရေးတပ်) တို့ မန္တလေး PDF တို့ ရင်ဆိုင်ရဖွယ် ရှိပါတယ်” ဟု ၎င်းက ပြောသည်။
MNDAA လားရှိုးမှ ဆုတ်ခွာသွားခြင်းကြောင့် TNLA အတွက် စစ်ရေးဆိုင်ရာ အပြောင်းအလဲများတွင် တပ်ဖွဲ့များအား နေရာပြန်လည်ချထားခြင်း၊ စစ်အင်အားပြန်လည်ချိန်ညှိခြင်း၊ တိုက်ခိုက်ရေးတာဝန်များ တိုးပွားလာခြင်းအပြင် လုံခြုံရေးနှင့် နယ်မြေထိန်းချုပ်မှုဆိုင်ရာ စိန်ခေါ်မှုများသည် စစ်ရေးအရ အပြောင်းအလဲဖြစ်နိုင်သည်ဟု စစ်ရေးအကဲခတ်များက သုံးသပ်ကြသည်။
တစ်ဖက်တွင်လည်း စစ်ကောင်စီသည် လားရှိုးမြို့တွင်းသို့ တရုတ်အကူအညီဖြင့် ပြန်လည် ရရှိခဲ့သည့်အပေါ် စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် စစ်တပ်အတွက်အောင်ပွဲ တစ်ခုအဖြစ် ဖြန့်ဝေနေကြသည်။
စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုမြို့နယ်တွင် ထိုးစစ်များ ပြန်လည် ပြုလုပ်လာနေသော်လည်း ရခိုင်စစ်မျက်နှာပြင်နှင့် မြန်မာပြည်တောင်ပိုင်း စစ်မျက်နှာများတွင် စစ်ရေးအရ ရှုံးနိမ့်နေဆဲဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီ လားရှိုးမြို့အား ပြန်လည်ရရှိခြင်းသည် TNLA ထိန်းချုပ်နယ်မြေအတွင်းတွင် စစ်ရေး၊ နိုင်ငံရေးအပြောင်းအလဲ မရှိနိုင်ဟု တရုတ်-မြန်မာ နိုင်ငံရေးလေ့လာသုံးသပ် ဒေါက်တာလှကျော်ဇောက ပြောသည်။
“သူ့ (စစ်တပ်) ရဲ့ ကျနေတဲ့ စိတ်ဓာတ်ကို တစ်စုံတရာ တင်ပေးနိုင်ဖို့ သူ့အတွက်က အခင်းအကျင်း တစ်ခုလေး ဖြစ်တာပေါ့၊ ဒါပေမယ့် ဒီစစ်တပ်က ဒီလောက်နဲ့ နလန်ပြန်ထူနိုင်ဖို့ မလွယ်ဘူး။ တရုတ်အနေနဲ့ကလည်း သူနဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ နယ်စပ်ဒေသ စီးပွားရေး ပြန်လည် ဖွင့်လှစ်ခြင်းကိုပဲ သူကြိုးစားမယ်ထင်တယ် ” ဟု ဆိုသည်။
တရုတ်နိုင်ငံမှ ကမကထပြုလုပ်မှုဖြင့် စစ်ကောင်စီ နှင့် TNLA သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် အပစ်အခတ်ရပ်စဲရေးအတွက် ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
နှစ်ဖက်တပ်များ ရောက်ရှိသည့်နေရာတွင် အပစ်ရပ်ရန်၊ ၎င်းတို့ ထိန်းချုပ် နယ်မြေများအတွင်းသို့ လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရန်နှင့် ဆေးဝါး၊ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ဖြတ်သန်းသွားလာခွင့်ပြုရန် စသည့် အချက် သုံးချက်ကို စစ်ကောင်စီက လိုက်လျောပေးရန် TNLA ဘက်မှ တောင်းဆိုခဲ့သည်။
TNLA ထိန်းချုပ်ထားသော နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်တို့မှ TNLA တပ်များကို တအာင်းကိုယ်ပိုင်ချုပ်ခွင့်ရဒေသဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်များအထိ ပြန်လည်ဆုတ်ခွာ ပေးရမည်ဟု စစ်ကောင်စီဘက်ကလည်း တောင်းဆိုခဲ့သည်။
စစ်ကောင်စီ၏ တောင်းဆိုချက်များကို TNLA မှ မလိုက်လျောပေးနိုင်ခြင်းကြောင့် အဆိုပါ ဆွေးနွေးပွဲသည် ရလဒ်တစ်စုံတရာ ရရှိခဲ့ခြင်း မရှိဘဲ လာမည့် ဩဂုတ်လသို့ ရွှေ့ဆိုင်းလိုက်သည်ဟု TNLA က မေလ ၄ ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။
ဆွေးနွေးပွဲ အဖြေ မရရှိခြင်းကြောင့် စစ်ကောင်စီသည် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ စသည့်မြို့များကို နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီနှင့် TNLA နှစ်ဖက်တပ်များသည် တစ်လတာ အပစ်ခတ် ထပ်မံရပ်စဲထားသော်လည်း စစ်ကောင်စီမှ အင်အား ဖြည့်တင်း ထိုးစစ်ဆင်ခြင်းများ ရှိနေသည်ဟု TNLA က မေလ ၄ ရက်တွင် မြန်မာသတင်းမီဒီယာများကို ပြောကြားခဲ့သည်။
ထို့ကြောင့် တရုတ်နိုင်ငံဘက်မှ ကမကထပြုလုပ်သည့် ရှမ်းမြောက်ဒေသက အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို ခြုံငုံကြည့်ခြင်းအားဖြင့် တရုတ်ဖိအားသည် နှစ်ဖက်အဖွဲ့များအပေါ် ရှိနေသည်ကို တွေ့မြင်ရသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုကြသည်။
တရုတ်စဉ်းစားတဲ့ ရှမ်းမြောက် ဘယ်လိုဖြစ်မလဲ
လားရှိုးမြို့အား MNDAA တပ်များ သိမ်းပိုက်ပြီးနောက် လပိုင်းအကြာတွင် ပေါက်ကြားလာသည့် “ပူအယ်အစည်းအဝေးမှတ်တမ်း” အရ တရုတ်နိုင်ငံသည် ရှမ်းမြောက်အရေး ဝင်ရောက်ပတ်သက်မှုကို သိရှိနိုင်သည်။
အဆိုပါ မှတ်တမ်းတွင် တရုတ်နိုင်ငံမှ MNDAA အပေါ် “ဖြတ်ငါးဖြတ် (စစ်အင်အား၊ လျှပ်စစ်၊ ရေ၊ အင်တာနက်၊ ထောက်ပို့)” ဖြင့် ပိတ်ဆို့အရေးယူရန် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အား ဖိအားပေး ညွှန်ကြားထားသည်။
တရုတ်နိုင်ငံ၏ လိုလားချက်သည် မြန်မာနိုင်ငံပြည်မကြီးနှင့် တိုက်ရိုက်သွယ်တန်းထားသည့် မန္တလေး-မူဆယ်-တရုတ်နိုင်ငံ (ရွှေလီ) ကုန်သွယ်ရေးလမ်းကြီးနှင့် ကျောက်ဖြူ-မန္တလေး-မူဆယ်-ရွှေလီ ကုန်သွယ်ရေးလမ်းမကြီး ပြန်လည် ဖွင့်လှစ်နိုင်ရေးတို့ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်ပြောဆိုကြသည်။
ကျောက်ဖြူ-မန္တလေး-ရွှေလီသို့ တိုက်ရိုက်ပြေးဆွဲသည့် ကုန်သွယ်ရေးလမ်းမကြီးသည် တရုတ်နိုင်ငံအတွက် ရေကြောင်းကုန်သွယ်ရေးတွင် မာလက္ကာရေလက်ကြားကို ရှောင်ရှား၍ အိန္ဒိယသမုန္ဒရာနဲ့ ဥရောပနိုင်ငံများကို ရေကြောင်းမှတဆင့် ချိတ်ဆက်ကုန်သွယ်နိုင်မည့် ပင်လယ် ထွက်ပေါက်တစ်ခုဖြစ်သည်။
တရုတ်နိုင်ငံ၏ စဉ်းစားချက်သည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ ဘေးကင်းလုံခြုံရေးနှင့် ပိုးလမ်းမစီမံကိန်း (BRI) နှင့် ကုန်းလမ်း၊ ရေလမ်းများ ပါဝင်သည့် ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု (One Belt One Road) စသည့် စီမံကိန်းများကို အမြန်အကောင်အထည်ဖော်ရေးဖြစ်သည်။
TNLA မှ လက်ရှိ ထိန်းချုပ်ထားသည့် နယ်မြေများကို ပြန်လည်ကြည့်ရှုမည်ဆိုလျှင် နောင်ချို၊ ကျောက်မဲ၊ သီပေါ စသည့်မြို့များသည် ၎င်းကုန်သွယ်ရေးလမ်းမကြီးဘေးတွင် ရှိသည်။
သို့ရာတွင် တရုတ်နိုင်ငံဘက်မှ ကြည့်မည်ဆိုလျှင် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အကြား အပစ်ခတ်ရပ်စဲရေးအတွက် တွန်းအားပေးခြင်းဖြစ်စေ၊ အခြားနည်းလမ်းများ ချမှတ်ခြင်း ဖြစ်စေ၊ အခြေခံရည်မှန်းချက်သည် ရင်းနှီးမြုပ်နှံမှုများနှင့် စီးပွားရေးစင်္ကြံကို ဘေးကင်းလုံခြုံစွာ ပြန်လည် စတင်ရန်ဖြစ်သည်ဟု မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်၍ သုတေသနပြုလုပ်နေသည့် ယူနန်အခြေစိုက်လက်ထောက်သုတေသနပညာရှင် တစ်ဦးက ပြောသည်။
“တရုတ်နိုင်ငံရဲ့ မူဝါဒရှုထောင့်က ကြည့်မယ်ဆိုရင်၊ ဌာနအမျိုးမျိုးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မတူညီတဲ့ အာရုံစိုက်မှုတွေ ရှိနိုင်ပေမယ့် အဓိကရည်မှန်းချက်ကတော့ အမြဲတမ်း ဒီစီးပွားရေးစင်္ကြံလမ်းရဲ့ လုံခြုံရေးကို သေချာစေဖို့ပဲ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် နှစ်များတွင် ရှမ်းပြည်နယ်မြောက်ပိုင်းပဋိပက္ခများကြောင့် တရုတ်-မြန်မာကုန်သွယ်ရေး လုပ်ငန်းများ မကြာခဏ ပိတ်သိမ်းရခြင်း၊ အကန့်အသတ်များနှင့် ကုန်သွယ်ရသဖြင့် တရုတ်-မြန်မာနယ်စပ် ရွှေလီ၏ ကုန်သွယ်ရေးအခြေအနေများသည် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ကြည့်လျှင် ၄၇ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။
တရုတ် သမ္မတအနေဖြင့် တရုတ်-မြန်မာ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး စီးပွားရေးစင်္ကြန်တည်ဆောက်ရေးအတွက် အဓိက အစီအမံများကို တွန်အားပေးရန် စစ်ခေါင်းဆောင်ကို ပြောဆိုခဲ့သည်ဟု တရုတ်နိုင်ငံပိုင် CGTN သတင်းဌာနကလည်း ရေးသားထားသည်။
ထို့အပြင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မြှင့်တင်ရာတွင် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းအသီးသီး တောင်းဆိုချက်အရ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည် ဟု စစ်ကောင်စီထုတ် ကြေးမုံသတင်းစာတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားက ဆောင်းပါးတစ်ပုဒ် ရေးသားဖော်ပြခဲ့သည်။
တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်နေသည့် Belt and Road- စီးပွားရေးစင်္ကြန် အကောင်အထည် ဖော်ရာတွင် အပြန်အလှန် အကျိုးဖြစ်ထွန်းမှုကို ဖော်ဆောင်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံအပေါ်တွင် ထားသည့် မူဝါဒသည်လည်း ပြောင်းလဲသွားခြင်းမရှိဟုလည်း သံအမတ်ကြီးက ပြောဆိုခဲ့သည်။
အဆိုပါ ပြောဆိုချက်သည် မေလ ၄ ရက်တွင် TNLA မှ တရုတ်ဖိအားများ ရင်ဆိုင်နေရသည်ဟု သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး နောက်တစ်ရက် မေလ ၅ ရက်တွင် ကြေးမုံသတင်းစာ၌ ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ရုရှားနိုင်ငံ၊ မော်စကိုမြို့ ရင်ပြင်နီချီတက်ပွဲအခမ်းအနားကို ရောက်နေသည့် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ရုရှားခရီးစဉ်အတွင်းတွင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။
ယင်းတွေ့ဆုံမှုတွင် မြန်မာနိုင်ငံနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းကြောင်း၊ နိုင်ငံရေး အစီအစဉ်များကို မှန်မှန်တွန်အားပေးဆောင်ရွက်ခြင်းကို တရုတ်နိုင်ငံမှ ထောက်ခံသည်ဟု တရုတ်နိုင်ငံပိုင် သတင်းဌာန တစ်ခုဖြစ်သည့် CGTN တွင် ဖော်ပြခဲ့သည်။
အဆိုပါ ပြောဆို ရပ်တည်ချက်များကို ကြည့်လျှင် တရုတ်နိုင်ငံ၏ မြန်မာ့ပြည်တွင်းရေးအပေါ် ဝင်ရောက်စွက်ဖက်မှုများကို သက်သေထူနေသည်။
အပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲ အဖြေရမှာလား
၁၀၂၇ ပထမနှင့် ဒုတိယအကြိမ် စစ်ဆင်ရေးများကို ပြန်ကြည့်မည်ဆိုလျှင် တရုတ်နိုင်ငံမှ ကြားဝင် စေ့စပ်ညှိနှိုင်းသည့် အပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲရလဒ် အသေးစိတ် အချက်အလက်များကို သက်ဆိုင်ရာ အဖွဲ့အသီးသီးမှ တစ်ကြိမ်တစ်ခါမှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။
သို့ရာတွင် အဆိုပါ ဆွေးနွေးပွဲများတွင် တရုတ်နိုင်ငံမှ အဓိက အခန်းကဏ္ဍတွင် ပါဝင်နေပြီး အမှန်တကယ်အလုပ်ဖြစ်မည်လားဆိုသည့် မေးခွန်းများလည်း ထွက်ပေါ်လာသည်။
မြန်မာ့နိုင်ငံရေးသုတေသီ အီဂေါဗလာဇီဗစ် (Igor Blazevic) ကတော့ အပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲများသည် ယာယီသာလျှင်ဖြစ်နိုင်ပြီး အောင်မြင်မည်မဟုတ်ဟု သုံးသပ်ပြောဆိုသည်။
“တရုတ်နိုင်ငံက စစ်ကောင်စီကို စစ်ရေးအရ အနိုင်ရဖို့ အကူအညီပေးနေတာ မဟုတ်ပါဘူး။ အဲဒီအစား တော်လှန်ရေးတပ်ဖွဲ့တွေအပေါ် ဖိအားပေးမှုတွေ၊ မင်းအောင်လှိုင်နဲ့ စစ်တပ်ကို ပေးအပ်တဲ့ မက်လုံးတွေ ပေါင်းစပ်တာနဲ့ ပဋိပက္ခကို လျှော့ချပြီး၊ အပစ်ခတ်ရပ်စဲရေးရရှိဖို့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကတဆင့် တည်ငြိမ်မှုကို ပြန်လည်ရရှိဖို့ ကြိုးပမ်းနေတာဖြစ်တယ်။ ဒါပေမယ့် အဲဒီကြိုးပမ်းမှုတွေ မလွဲမသွေ အောင်မြင်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။
အချုပ်အားဖြင့်ဆိုသော် အဆိုပါအပစ်ခတ်ရပ်စဲမှုအခြေအနေများသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားဆိုင်ရာ ရည်ရွယ်ချက်၊ ပါဝင်ပတ်သက်သူများ၏ ဆန္ဒအမှန်၊ နှစ်ဖက်တင်းမာမှုများ ပြန်လည် ဖြစ်ပွားနိုင်ခြေ၊ ပြည်သူလူထု၏ ထောက်ခံချက်နှင့် ယာယီ သို့မဟုတ် ရေရှည်အပစ်ခတ်ရပ်စဲမည်လား ဆိုသည့်အချက်များပေါ်တွင် မူတည်နေပါသည်။
ဓါတ်ပုံ – နွေဦးတော်လှန်ရေးတွင်ကျဆုံးခဲ့ရသော ကိုးကန့်တပ်ဖွဲ့ဝင်များအား အောက်မေ့ဖွယ်ပြုလုပ်စဉ်(The Kokang)