ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို မေလ ၈ ရက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ တပ်ရင်းမှုးအပါအဝင် အရာရှိများနှင့် တပ်သား ၅၀ ဦးခန့် စခန်းစွန့်ခွါထွက်ပြေးသွားခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်း အမှတ် (၁) စစ်ဆင်ရေးနယ်မြေ နှင့် အမှတ် (၂) စစ်ဆင်ရေးနယ်မြေတို့၏ အစီအစဉ်၊ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃) ၏ ပူးပေါင်းပါဝင်မှုဖြင့် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲမှ ပွိုင့် 5 စက်သေနတ်၊ ၇၅ နောက်ပွင့်၊ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံ ၈၃ လက်၊ ဂျန်မာစက် သုံးလုံးနှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟုလည်း ထုတ်ပြန်သည်။ ထို့အပြင် တိုက်ပွဲတွင်း စစ်ကောင်စီတပ်ဘက်မှ ရုပ်အလောင်း ၃၀ ဦး တွေ့ရှိရပြီးစစ်သုံ့ပန်း ခြောက်ဦးနှင့် မိသားစုဝင် ခုနစ်ဦး ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်ဟုလည်း သိရသည်။
အဆိုပါစစ်ဆင်ရေးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF (အထူးလှုပ်ရှားဗျူဟာ)၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ (၂၇) မှ နဂါးဖြူတပ်ရင်း၊ တောင်ညိုတပ်ရင်း၊ ၇၈၀၅ တပ်ရင်း၊ ၇၈၀၁ တပ်ရင်း၊ ဒေါနတပ်ရင်း၊ Southern Eagle တပ်ရင်း၊ SOG တပ်ရင်း၊ ရန်ကုန်တိုင်းအထူးချေမှုန်းရေးတပ်ဖွဲ့၊
ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Cloudwings ဒရုန်းအထူးတပ်ဖွဲ့၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ မွန်ပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ဗျူဟာ(၂၀) မှ ၃၇၀၄ တပ်ရင်း၊ ၅၁၀၁ တပ်ရင်း၊ ရန်ကုန်ဗျူဟာစစ်ကြောင်း၊ ပဲခူးတိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ LDF တပ်ဖွဲ့များဖြစ်သော KRF၊ UDF ရော့ကက်နှင့် ဒရုန်းတပ်ဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြသည်ဟု သိရသည်။
ထို့အပြင် ယင်းတပ်ရင်းများနှင့်အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) မှ တပ်ရင်း (၇) နှင့် ဒရုန်းအဖွဲ့များလည်း လက်တွဲတိုက်ပွဲဝင်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။