အမီးလေး
မန္တလေးမြို့၊ အိုးဘိုထောင်တွင် ငလျင်ဒဏ်ထိသွားသည့် ကိုယ်ဝန်သည်မိခင် ဗိုက်ထဲတွင် ကလေးသေဆုံးသွားပြီး အချိန်မီဆေးကုသမှု မရ၍ အမျိုးသမီး သန္ဓေအိမ်အတွင်း ပိုးဝင်ကာ သေဆုံးခဲ့ရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှ သတင်းနှင့် ပြန်ကြားရေးဌာနမှ မရောင်နီလင်းက အတည်ပြုပြောသည်။
“ငလျင်ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်မှာ နှလုံး မခုန်တော့ဘူး။ နှလုံးမခုန်တော့ ဆေးရုံတင်ရမယ့် ရက်ကို ဆေးရုံမတင်ဘဲနဲ့ ဧပြီလ ၁၄ ရက်နေ့ ထောင်ပြင်ပဆေးရုံကို ပြန်ဝင်ရတယ်။ အဲဒီမှာမှ ဆရာဝန်တွေကနေပြီး ဗိုက်ထဲကနေ သေဆုံးသွားတဲ့ သန္ဓေသားငယ်ကို ထုတ်ပြီးတော့ ကလေးကိုတော့ ထုတ်လိုက်နိုင်တယ်။ ဒါပေမယ့် သားအိမ်အတွင်းမှာ ပိုးဝင်တဲ့အခါကျတော့ အဲဒီနေ့မှာ သေဆုံးခဲ့တယ်” ဟု ၎င်းက ဆိုသည်။
အချိန်မီဆေးကုသခွင့် မရရှိခြင်းကြောင့် သေဆုံးသွားသူမှာ အသက် ၄၁ နှစ်အရွယ် ဒေါ်နွယ်နီဝင်းဖြစ်ပြီး ဧပြီလ ၁၄ ရက်တွင် သေဆုံးသွားခြင်းဖြစ်သည်။
၎င်းသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကျောက်မဲနှင့် မန္တလေးကြား ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ဖမ်းဆီးခံရစဉ်တွင် ဖုန်းထဲမှ အာဏာသိမ်းစ ဆန္ဒပြထားသည့် ဓာတ်ပုံများ တွေ့ခြင်းကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ကာ ထောင်ဒဏ် သုံးနှစ် ချခံထားရခြင်းဖြစ်သည်ဟု PPNM မှ မရောင်နီလင်းက ပြောသည်။
ထိုသို့ အကျဉ်းထောင်များအတွင်း ဆေးဝါးလုံလောက်စွာ မရရှိခြင်းနှင့် ဆရာဝန် လုံလောက်စွာ မထားပေးခြင်းတို့ကြောင့် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများ မသေဆုံးသင့်ဘဲ သေဆုံးနေကြရသည်။
“ဆေးဝါးတွေ၊ ရက်လွန်ဆေးတွေ ပေးတာအပြင်ကို အပြင် ဆေးရုံတွေကို အချိန်မီ ပို့ရမယ့် ဟာကို မပို့လို့ ကျဆုံးသွားတဲ့ ရဲဘော်တွေ အများကြီးပဲ” ဟု မရောင်နီလင်းက ဆိုသည်။ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်သွားသည့် ငလျင်ကြောင့် မန္တလေးမြို့ အိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး သေဆုံးခဲ့ရသည်။
ထို့ကြောင့် မေ ၆ ရက်တွင် နိုင်ငံရေးလှုပ်ရှားတက်ကြွသူများနှင့် နိုင်ငံရေးအကျဉ်းသားအရေးလုပ်ဆောင်သူများက အကျဉ်းထောင်များ၌ အကျဉ်းကျခံနေသူများ လုံလောက်သည့် ဆေးကုသမှု ရရှိရန် တောင်းဆိုသည့် လှုပ်ရှားမှု တစ်ခုကို လုပ်ဆောင်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း အပြစ်မဲ့ ပြည်သူ ၂၉၀၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းများက ဖော်ပြထားသည်။