မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲသည့် ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချပ်တူချပ် နယ်မြေက ပြိုကျပျက်စီးခဲ့သည့် စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုတွင် သေဆုံးခဲ့သည့် မြန်မာလုပ်သားများထဲမှ ၁၅ ဦးခန့်သည့် အလုပ်ရှင်မှ ပေးအပ်သည့် လျော်ကြေး တစ်ဦးလျှင် ဘတ် ၁ သန်းခန့်စီ ရရှိပြီ ဖြစ်သည်ဟု အလုပ်သမားမဟာမိတ်အဖွဲ့ WAG ထံမှ သိရသည်။
အဆိုပါ အဆောက်အအုံ ပြိုကျမှုကြောင့် မြန်မာလုပ်သား ၃၀ သေဆုံးခဲ့ပြီး လျော်ကြေးအဖြစ် အလုပ်ရှင်မှ ဘတ် ၁ သန်းနှင့် ထိုင်းအစိုးရထံမှ ဘတ် ၁ သန်း ကျော်ရရှိမည်ဖြစ်သည်။
အလုပ်ရှင်မှ ရရှိသည့် လျော်ကြေးသည့် သေဆုံးသူ၏ ဇနီး၊ မိသားစုဝင်နှင့် မိသားစုဝင် တစ်ဝမ်းကွဲများ၏ အထောက်အထားများကို ပြ၍ ထုတ်ယူနိုင်သော်လည်း ထိုင်းအစိုးရထံမှ ရရှိမည် လျော်ကြေးသည် သေဆုံးသူ၏ အိမ်ထောင်စုစာရင်းထဲတွင် ပါဝင်သည့် မိဘနှင့် မောင်နှမ အရင်းများသာ ထုတ်ယူနိုင်သောကြောင့် အခက်အခဲများ ကြုံတွေ့နေရသည်ဟု WAG ၏ တာဝန်ခံမှ ပြောသည်။
“အဓိက မိဘတွေ၊ မိသားစုဝင် အရင်းတွေက ထိုင်းကိုလာဖို့ ဗီဇာရဖို့ ၊ ပတ်စပိုစ့်ရဖို့ အခက်အခဲတွေ ဖြစ်နေတယ်။ အဲအပိုင်းမှာ အခုတာဝန်ယူထားတဲ့ မြန်မာအလုပ်သမားသံအရာရှိတွေက ညှိနှိုင်းပေးမှ အဆင်ပြေမှာပါ။” ဟု ၎င်းက ဆိုသည်။
WAG အဖွဲ့အနေဖြင့် သေဆုံးသူများ၏ အိမ်ထောင်စုစာရင်းပါ မိသားစုဝင်များ၏ အထောက်အထားများ အား ကောက်ယူပြီး မြန်မာအလုပ်သမားသံအရာရှိများထံသို့ ပေးထားပြီး ဖြစ်သော်လည်း ထိုင်းနိုင်ငံသို့ လာရောက်ရန် ဗီဇာရရှိရန် ခက်ခဲခြင်းနှင့် နိုင်ငံကူးလက်မှတ်ရရှိရန် ခက်ခဲခြင်းများ ကြုံ့တွေ့နေရသည်ဟု ပြောသည်။
“မြန်မာဘက်ခြမ်းက တက်လာမဲ့လူတွေကို ဆက်သွယ်ဖို့က ဘာကြောင့် ကြန့်ကြာတာလဲပေါ့။ ဒါတွေကို ဘာကြောင့် မစီစဉ်ပေးဘဲနဲ့ ဒီမှာ လူတစ်ယောက်လုံး ဆုံးသွားတယ်ဗျာ။ နစ်နာကြေးထုတ်ဖို့ ခက်ခဲတွေရှိနေတယ်။ အဲတာကို စာရွက်စာတမ်းတွေ ပေးထားရဲ့နဲ့ ဘာကြောင့် မြန်မာဘက်ခြမ်းက လျော်ကြေးထုတ်ဖို့ ဘာကြောင့် ကြန့်ကြာအောင်လုပ်ထားတာလဲပေါ့။ မြန်မာဘက်ခြမ်းက တအားပေါ့ဆလွန်းနေတယ်။” ဟု ၎င်းက ထောက်ပြသည်။
ထိုသို့ ကြန့်ကြာမှုများကြောင့် သေဆုံးသူများအတွက် နစ်နာသည့် လျော်ကြေးအပြည့်အဝ ရရှိရန် ခက်ခဲနေပြီး လက်ရှိ အချိန်ထိ ထိုင်းအစိုးရထံမှ နစ်နာကြေး မထုတ်ယူနိုင်းသေးဟု သိရသည်။
#ဘန်ကောက်ငလျင် #ဘတ်၁သန်း #ThanLwinKhetNews