ကက်သလစ်ကျောင်းတော်ရဲ့ ၂၆၇ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် ရောဘတ် ဖရန့်စစ် ပရီဗို့စ်ကို မနေ့က ရွေးချယ်တင်မြှောက်လိုက်ပါတယ်။
အခုရွေးချယ်တင်မြှောက်ခံလိုက်ရတဲ့ ပုပ်ရဟန်းမင်းကြီးဟာ အမေရိကန်ပြည်ထောင်စုကနေ ပုပ်ရဟန်းမင်းကြီးအဖြစ် ပထမဆုံးရွေးချယ်တင်မြှောက်ခံရသူလည်းဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးပျံလွန်တော်မူပြီးနောက် ရဟန်းမင်းကြီးသစ် ရွေးချယ်ပွဲကို ဗာတီကန်မြို့မှာ ရှိတဲ့ ဆင်းစတင်းဘုရားကျောင်းအတွင်း ကာဒီနယ်ဘုန်းတော်ကြီး ၁၃၃ ပါးက လျှို့ဝှက်စနစ်နဲ့ ရွေးချယ်ခဲ့ကြပါတယ်။
အဲဒီပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ပွဲမှာ မြန်မာနိုင်ငံက ချားစ်မောင်ဘိုလည်း ပါဝင်ခဲ့ပါတယ်။
ရွေးချယ်ခံလိုက်ရတဲ့ ပုပ်ရဟန်းမင်းကြီး ပရီဗို့စ်က လီယို ၁၄ ဘွဲ့ခံယူမှာဖြစ်ပြီး ပျံလွန်တော်မူခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဆောင်ရွက်ခဲ့တဲ့ ဆင်းရဲသားတွေနဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေကို ကူညီပံ့ပိုးတဲ့ ကိစ္စရပ်တွေမှာ အားပေးထောက်ခံသူဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ မွေးဖွားခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးသစ်ဟာ ပီရူးနိုင်ငံမှာ နှစ်ရှည်လများ သာသနာ ပြုခဲ့သူဖြစ်ပါတယ်။
အသက် ၆၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးသစ်ဟာ စပိန်၊ အင်္ဂလိပ်၊ ပေါ်တူဂီ၊ ပြင်သစ်နဲ့ အီတလီ ဘာသာစကားတွေကို ရေးသားပြောဆိုနိုင်သူဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်ရဲ့ ပထမဆုံးပုပ်ရဟန်းမင်းကြီးဖြစ်လာတဲ့ ကာဒီနယ် ရောဘတ် ဖရန့်စစ် ပရီဗို့စ်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံအတွက် ဂုဏ်ယူကြောင်း သူပိုင်ဆိုင်တဲ့ Truth ဆိုရှယ်မီဒီယာမှာ ရေးသား ဖော်ပြထားပါတယ်။







