![]()
နှောင်း/မတ် ၂၈။
စစ်ကိုင်းကို ဗဟိုပြုခဲ့သည့် အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့သည်မှာ ယနေ့ဆိုလျှင် တစ်နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။
တစ်နှစ်တာကာလအတွင်း မြို့ပြအဆောက်အအုံအချို့ကို ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။ သို့သော် ပြည်သူများရင်ထဲမှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့် စီးပွားရေးအကျပ်အတည်းများမှာ သဘာဝဘေးထက်ပင် ပိုမိုဆိုးရွားနေဆဲ ဖြစ်သည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့်တွင် လှုပ်ခတ်ခဲ့သည့် ရစ်ခ်တာစကေး ၇.၇ အင်အားပြင်း ငလျင်ကြီးကြောင့် ပြည်သူ ၄,၂၀၀ ကျော် သေဆုံးခဲ့ရသည်။
ယခု တစ်နှစ်ကြာချိန်တွင် မြို့ပြအခြေအနေများ နေသားကျလာသော်လည်း ပြိုကျသွားသည့် နေအိမ်နှင့် သေဆုံးသွားသူများအတွက် လွမ်းဆွတ်ကြေကွဲမှုများက ကျန်ရှိနေဆဲဖြစ်ကြောင်း မန္တလေးဒေသခံ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးက သူ့ခံစားချက်ကို ယခုလို ရင်ဖွင့်သည်။
“ပြိုသွားတဲ့ အိမ်ကလေးကို လွမ်းတယ်။ ငလျင်ထဲပါသွားတဲ့ သူငယ်ချင်းတွေကို လွမ်းတယ်။ မနေ့ရဲ့ မနေ့က လှုပ်သွားတဲ့ ငလျင်ကြောင့် အရမ်းကြောက်ရတဲ့ခံစားချက်ကြီး ပြန်ရလိုက်တာတော့ အမှန်ပဲ။ မပျော်ဘူးဆိုတာလည်း မဟုတ်ပေမဲ့ ပျော်အောင်နေရတာပါပဲ”
မတ်လ ၂၆ ရက်၊ မြန်မာစံတော်ချိန် ည ၇နာရီခွဲကျော်အချိန်တွင် မန္တလေးမြို့ အရှေ့-အရှေ့တောင်ဘက် ၃၀ ကီလိုမီတာအကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး ၄ ဒဿမ ၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က သတင်း ထုတ်ပြခဲ့သည်။ ယခု တစ်နှစ်မပြည့်ခင်အတောအတွင်းတွင်လည်း ငလျင်အကြိမ်ရေ များစွာ လှုပ်ခတ်ခဲ့သောကြောင့် ငလျင်ဒဏ် ခံရသူများမှာ စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ထိတ်လန့်မှုများကို မကြာခဏဆိုသလို ခံစားနေကြရခြင်းဖြစ်သည်။
အသက် ၂၅ နှစ်အရွယ် မန္တလေးဒေသခံ အမျိုးသမီးတစ်ဦးကလည်း လပြည့်လကွယ်ရက်များနှင့် တိုက်ဆိုင်တိုင်း ယခင်ကဲ့သို့ ကြောက်စိတ်များ ပြန်လည်ဝင်ရောက်လာလေ့ရှိကြောင်း ဆိုသည်။
” အဲဒီတုန်းကတော့ ကမ္ဘာပျက်သလိုပဲ။ အခုလို အနားနီးတော့လည်း ကြောက်တာပဲ။ ဟိုနေ့က ငလျင်လှုပ်တုန်းကဆို မပြေးစဖူး ထပြေးတာ။ စစဖြစ်ချင်းတုန်းကတော့ ကမ္ဘာကြီးပျက်ပြီထင်တာ အဲဒီတုန်းက အိမ်ကို စိတ်ပူတာပေါ့။ … လက်ရှိအနေအထားကတော့ ကြောက်တုန်းပဲပေါ့။ ဟိုတစ်နေ့က လှုပ်တုန်းက လကွယ်နေ့။ အရင်နှစ်တုန်းကလည်း လကွယ်နေ့တွေ လှုပ်တာ ။ လပြည့်လကွယ်နေ့တွေပိုပြီးလှုပ်တတ်လို့ပဲ အဲဒါကြောင့်။ ဟိုတစ်ခါလှုပ်တဲ့ လကွယ်နေ့ဆို မြန်မာလို တစ်နှစ်ပြည့်တဲ့နေ့။ ကြောက်တာတော့ တော်တော်ကြောက်တယ်။”
ငလျင်အပြီး ပြည်သူများ နောက်ထပ်ငလျင်ကို စိုးရိမ်သဖြင့် ညရေးညတာ အိမ်ထဲ မအိပ်ရဲဘဲ လမ်းဘေးပလက်ဖောင်းများပေါ်တွင် ညအိပ်ခဲ့ရသည်များကို မြင်တွေ့ခဲ့ရကြောင်း ဆရာတော်တစ်ပါးက မိန့်ကြားသည်။ ယင်းကဲ့သို့သော အနိဋ္ဌာရုံများကြောင့် အခြေခံပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ခံစားရမှုမှာ အလွန်ဆိုးရွားနေကြောင်း ဒေသခံ ကျောင်းဆရာတစ်ဦးက ယခုလို ဆိုသည်။
“တကယ် အဲဒီအချိန်မှာ မြင်ရတဲ့ မြင်ကွင်းက အနိဋ္ဌာရုံပဲ။… ပြောရမယ်ဆိုရင် ကျွန်တော်တို့ Psycho Trauma (စိတ်ဒဏ်ရာ) ရသွားတာပေါ့နော်။… အဲ့ဒါကိုမှ ကျွန်တော်တို့က ဒီ ငလျင် အနေနဲ့ မဟုတ်ဘဲနဲ့ အခု ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပဋိပက္ခစစ်ပွဲကြီးရောဆိုတော့ ပြည်သူတွေ အထူးသဖြင့် အခြေခံ ဆင်းရဲသား ပြည်သူတွေမှာ ဆိုရင် စိတ်ပိုင်းဆိုင်ရာ ထရော်မာတွေကတော့ အရမ်း ခံစားနေရတယ်။” ဟု ၎င်းက ပြောသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် အိမ်များကို ပြန်လည်မတည်ဆောက်နိုင်သဖြင့် ခြံမြေများကို ရောင်းချကာ ရှေ့ဆက်နေကြရသူများလည်း ရှိနေသည်။ ထိုသို့ အိုးအိမ်အခက်အခဲအပြင် လက်ရှိတွင် စက်သုံးဆီအကျပ်အတည်းကပါ အခြေခံလူတန်းစားများကို ပိုမိုအသက်ရှူကျပ်စေသည်ဟု ဆိုကြသည်။
အမရပူရမြို့နယ် ဒေသခံတစ်ဦးက “အမရပူရမှာကတော့ ပြန်မဆောက်နိုင်ကြတဲ့ မိသားစုတွေကတော့ တစ်စိတ်တစ်ပိုင်းရောင်းတာ ဖြစ်ဖြစ် အကုန်ရောင်းချပြီးတော့ ဖြစ်ဖြစ် ရှေ့ဆက်နေကြတာပေါ့။ ပြုပြင်လို့ရတဲ့ အများစုကတော့ ပြုပြင်ပြီးကြပါပြီ။ လက်ရှိကတော့ တစ်နေ့တစ်နေ့ ဆီကိစ္စ စုံမကိစ္စတွေနဲ့ စိတ်ရှုပ်နေရတယ်။ ဆီအခက်အခဲက နိုင်ငံတကာ နည်းတူ ဆိုပေမယ့် စုံ မ ရက်နေ့ ကားထွက်ရတာက တော်တော် အဆင်မပြေဖြစ်တယ်” ဟု ပြောသည်။
ငလျင်လှုပ်ခတ်မှု တစ်နှစ်ပြည့်သည့် ယနေ့အချိန်အခါတွင် ပြည်သူများသည် သဘာဝဘေးနှင့် လူလုပ်ဘေးဒဏ် နှစ်ရပ်ပေါင်းဆုံမှုကို ခံစားနေကြရသည်။ စစ်ကော်မရှင်သည် ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီများကို လက်နက်သဖွယ် အသုံးချကာ ကန့်သတ်ပိတ်ပင်ခဲ့သည်။ ထို့အပြင် ငလျင်ဒဏ်ကြောင့် အိုးအိမ်မဲ့နေရသည့် ပြည်သူများကို လေကြောင်းမှ ဆက်လက်တိုက်ခိုက်နေခြင်းက လူလုပ်ဘေးဒဏ်၏ ရက်စက်မှုကို သက်သေပြနေသည်။
ထို့ကြောင့် ပြည်သူများအဖို့ ငလျင်ဘေးမှ လွတ်မြောက်အောင် ရုန်းကန်နေရုံမျှမကဘဲ နိုင်ငံရေးနှင့် စားဝတ်နေရေး အကျပ်အတည်းများကြားတွင် အသက်ရှင်သန်နိုင်ရေးအတွက်ပါ နေ့စဉ် တိုက်ပွဲဝင်နေရဆဲ ဖြစ်သည်။
#စစ်ကိုင်းငလျင် #ငလျင်တစ်နှစ်ပြည့် #သတင်းဆောင်းပါး #ThanLwinKhetNews
