အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာများတွင် ငလျင် ဆက်တိုက်လှုပ်ခတ်သည့် သတင်းများ ထွက်ပေါ်ပြီးနောက် ထိုင်းနိုင်ငံ အက်ဒမန်ပင်လယ်ကမ်းရိုးတန်းတလျှောက် ပြည်နယ်ခြောက်ခုကို သဘာဝဘေးအန္တရာယ်အတွက် ပြင်ဆင်မှုများ တိုးမြှင့်ရန် ညွှန်ကြားထားသည်ဟု သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Theerarat Samrejvanich က ဘန်ကောက်မြို့တွင် အုပ်ချုပ်ရေးမှူးများ၊ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေးဦးစီးဌာန (DDPM)၊ တွင်းထွက်အရင်းအမြစ်များဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အရာရှိများနှင့် တွေ့ဆုံပြီး အက်ဒမန်ကမ်းရိုးတန်းဒေသအတွက် ငလျင်နှင့် ဆူနာမီပြင်ဆင်မှုများ ဆွေးနွေးပြီးနောက် အဆိုပါ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဆူနာမီဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ထိုင်းပြည်သူများက စိုးရိမ်ပူပန်နေသည်ကိုလည်း အစိုးရအနေဖြင့် သတိပြုမိသည်ဟု သူက ဆိုသည်။ ၎င်းတို့၏ စီမံကိန်းများတွင် မည်သည့် လုံလောက်မှုမရှိခြင်းကိုမျှ လက်ခံမည်မဟုတ်ဟုလည်း ဆိုသည်။ ထို့ကြောင့် ပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို သေချာစေရန် ကမ်းရိုးတန်းတစ်လျှောက်ရှိ ပြည်နယ်များတွင် ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ကူညီဖြေရှင်းရန် လုံလောက်သော ဘတ်ဂျက်၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ပစ္စည်းကိရိယာများ ခွဲဝေပေးရမည်ဟု ညွှန်ကြားထားသည်။
ကယ်ဆယ်ရေးလမ်းကြောင်းများနှင့် ခိုလှုံရာ နေရာများသို့ လမ်းညွှန်မှုများကိုလည်း နောက်ဆုံးပေါ် အခြေအနေများနှင့် ကိုက်ညီရန် ပုံမှန်မွမ်းမံပြီး ဆိုင်းဘုတ်များ ရှင်းလင်းစွာ ပြသထားရန်၊ ဘေးအန္တရာယ်ကျရောက်သည့်အခါ ဒေသခံများ အဆင်သင့်ဖြစ်စေရန် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှု လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ရန်တို့ကိုပါ ပြောဆိုခဲ့သည်။
ထို့ပြင် ငလျင်သတိပေးစနစ် ၂၄ နာရီပတ်လုံး အလုပ်လုပ်ကြောင်းနှင့် ငလျင်ဖြစ်ပွားနိုင်သည့် နေရာများရှိ မြေငလျင်တိုင်းတာရေးကိရိယာများမှ တိကျသော အချက်အလက်များကို ရရှိကြောင်း သေချာစေရန် DDPM ကိုလည်း ညွှန်ကြားထားသည်။ “ပစ္စည်းကိရိယာ ချို့ယွင်းမှုတွေကို ဘေးအန္တရာယ်သတိပေးစနစ် ပျက်ကွက်မှုအတွက် ဆင်ခြေအဖြစ် သုံးလို့ မရပါဘူး” ဟု Theerarat က ဆိုသည်။
အရေးပေါ်အခြေအနေများတွင် ပြည်သူများမှ မှန်ကန်သော အချက်အလက်များ ရရှိကြောင်း သေချာစေရန်လည်း ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို ညွှန်ကြားခဲ့သည်။ ထိုင်းကမ်းလွန်ပင်လယ်ပြင်တွင် မကြာသေးမီက လှုပ်ခတ်ခဲ့သော ငလျင်လှုပ်ခတ်မှုများမှာ ၂၀၀၄ ခုနှစ်က ဆူနာမီ ဖြစ်ပေါ်စေခဲ့သော ငလျင်နှင့် ကွဲပြားကြောင်း တွင်းထွက်အရင်းအမြစ်များဦးစီးဌာနက ပြောခဲ့သည်။
ထိုင်းနိုင်ငံတွင် နေထိုင်သူ ပြည်သူများအနေဖြင့် ကုန်းတွင်းငလျင် ၂.၅ ပြင်းအားနှင့်အထက်ရှိပါက DDPM ဦးစီးဌာန၏ သတိပေးစနစ်ကို ရရှိမည်ဖြစ်ပြီး မိုဘိုင်းဖုန်းများမှ သတိပေးစနစ်ကိုမျူ ကုန်းတွင်းငလျင် ပြင်းအား ၄ နှင့်အထက်၊ ပင်လယ်အောက်ငလျင် ပြင်းအား ၆ နှင့်အထက်ဆိုလျှင် သတိပေးချက်များ ရရှိမည်ဖြစ်သည်ဟု သိရသည်။