ယခုဒီဇင်ဘာလနောက်ဆုံးအပတ်တွင်း၌ နေအိမ်၇၀၀ ခန့်အထိ မီးရှို့ဖျက်ဆီးခံထားရသည့် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကြည်ဘုရားထွက်ရွာကို စစ်ကောင်စီတပ်စစ်ကြောင်းထပ်မံဝင်ရောက်၍ မီးရှို့နေသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်စစ်ကြောင်းက ပြီးခဲ့သောရက်ပိုင်း ဒီဇင်ဘာ ၂၆ရက်နှင့် ၂၇ ရက်တို့တွင် ကြည်ဘုရားထွက်ရွာကို နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးပြီးနောက် ယနေ့ဒီဇင်ဘာ ၃၀ ရက် နံနက်အစောပိုင်းတွင် ထပ်မံဝင်ရောက်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့နံနက် ၆နာရီခန့်တွင် စစ်ကောင်စီတပ်စစ်ကြောင်းက ကြည်ဘုရားထွက်ရွာကိုဝင်ရောက်ခဲ့ပြီးနောက် သိပ်မကြာမီ မီးခိုးများထွက်လာသည်ကိုတွေ့ရှိရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ကြည်ရွာနှင့်ဘုရားထွက်ရွာသည် ရွာချင်းဆက်ကျေးရွာဖြစ်၍ ကြည်ဘုရားထွက်ရွာဟုခေါ်ဝေါ်ခြင်းဖြစ်ပြီး နှစ်ရွာပေါင်းအိမ်ခြေ ၁၀၀၀ ၀န်းကျင်အထိရှိသည်ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်းသည် ယမန်နေ့တွင်လည်း သိမ္ဘာရွာကို ဝင်ရောက်၍ ညနေ ၄နာရီစပြီး တစ်ညလုံးမီးရှို့ဖျက်ဆီးနေခဲ့သည်ဟု သိမ္ဘာဒေသခံအမျိုးသမီးတစ်ဦးက သံလွင်ခက်ကိုပြောသည်။
” ညက စစ်ကြောင်းက ဘယ်အချိန်ထဲက ပြန်ထွက် သွားလည်းတော့ မသိရဘူး။ အခုမနက် ယောက်ျားတချို့ မီးငြှိိမ်းသတ်လို့ ပြန်ဝင်ကြတာ သေနတ်သံတွေ ကြားရလို့ ပြန်ထွက် လာကြရတယ် ” ဟု အသက် ၃၀အရွယ် သိမ္ဘာရွာအမျိုးသမီးက ပြောသည်။
အိမ်ခြေ ၁၇၀ ကျော်ရှိ သိမ္ဘာရွာတွင်အိမ်ခြေထက်ဝက်ကျော်အထိ မီးလောင်ပြာကျနိုင်သည်ဟုသိရပြီး မီးရှို့မခံရသည့် အိမ်များလည်း ဖျက်ဆီး မွှေနှောက်ခံရ၍ ပစ္စည်းများ ယူဆောင် ခံရသည်ဟု သိမ္ဘာရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
၎င်းက”အခုမနက်မှ ပြန်ဝင်ကြည့်တာဆိုတော့ အိမ်ခြေဘယ်လောက်မီးလောင်သွားလည်းဆိုတာ မသိရသေးဘူး။ နောက်စစ်ကြောင်းကလည်း မငြိမ်သေးတော့ ကြာကြာ မဝင်ရဲဘူး”ဟု ပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်းသည် ဒီဇင်ဘာ ၂၆ ရက်မှစ၍ ဘုရားထွက်ရွာ၊ ကြည်ရွာ၊ မန်ကျည်းအုပ်ရွာ၊ မန်ကျည်းစောက်ရွာ၊ မင်းတဲကုန်းရွာ၊ ကံပြားရွာ၊ ပန်းပုရွာနှင့်သိမ္ဘာရွာ စသည့်ကျေးရွာ ၈ရွာတို့မှ နေအိမ်၁၀၀၀ ကျော်အထိကို မီးရှို့ဖျက်ဆီးထားသည်ဟု သိရသည်။
အဆိုပါ ကျေးရွာများကိုမီးမရှို့မှီ ဒီဇင်ဘာ ၂၂ရက်နှင့် ၂၃ ရက်တို့တွင်လည်း စစ်ကောင်စီတပ်စစ်ကြောင်းက ပျံကျရွာရှိ နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးထားခဲ့သည်။
ပုံစာ-ယခုလအတွင်း စစ်ကောင်စီတပ်မီးရှို့မှုကြောင့် ကြည်ဘုရားထွက် ကျေးရွာနေအိမ်များ မီးလောင်ပျက်စီးမှု။