လသာထွေအုပ်ရုံးရှေ့က ကင်းတဲ ဗုံးခွဲ တိုက်ခိုက်ခံရ
***************
ဒီဇင်ဘာ ၂၉၊ ၂၀၂၂။
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ်၄ ရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ ကင်းတဲတစ်ခုအား မြို့ပြပျောက်ကြားမဟာမိတ်တပ်ဖွဲ့များက ဗုံးခွဲတိုက်ခိုက်ခဲ့သည်။
ယမန့်နေ့ ဒီဇင်ဘာလ ၂၈ရက်နေ့ ညနေ ၄နာရီခွဲခန့်တွင် အဆိုပါရဲကင်းကို လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းတိုက်ခိုက်ခဲ့သည်ဟု Freeland Attack Force တာ၀န်ခံရဲဘော်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ ရည်ရွယ်ချက်ကတော့ မြို့ပြက ငြိမ်မနေဘူးဆိုတာသိစေချင်တာပါ၊ ပြည်သူတွေလည်းရှိနေတော့ အရမ်းမပြင်းထန်ခဲ့ဘူး ” ဟု ၎င်းကပြောသည်။
မစ်ရှင်ပြုလုပ်ချိန်သည် စစ်ကောင်စီဒုတိယခေါင်းဆောင် ရန်ကုန်သို့ရောက်ရှိနေပြီး လုံခြုံရေးအထူးတင်းကြပ်ကာ ပြည်သူများလည်း သွားလာမှုများ ရှိနေသဖြင့် ပြင်းပြင်းထန်ထန် မလုပ်ခဲ့ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ အစီအစဉ်ကို Freeland Attack Force (FLA)၊ Emerald Girls Army(EGA) နှင့် Revolution of 21 Century အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ဗုံးသည် ကင်းတဲရှေ့ ၅ပေအကွာလောက်ကို ပြန်ကန်ထွက်လာပြီး၊ ကင်းစောင့်နေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက်နှင့် အနီးအနားရှိ ကားတစ်စီးလည်း ဗုံးစစင်သွားသည်ဟု ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
လာမည့်ရက်ပိုင်းအတွင်း ရန်ကုန်မြို့ပေါ်ရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့်နေရာနှင့် အဆောက်အအုံများကို တတ်နိုင်သမျှ ရှောင်ရှားသွားလာကြရန် ရန်ကုန်မြို့ပြပြောက်ကျား အဖွဲ့များက တိုက်တွန်း တောင်းဆိုထားသည်။
ပုံစာ – ရန်ကုန်မြို့တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
Photo – Crd