ငလျင်ဘေးဒဏ်ကြုံတွေ့ခဲ့ရသော ဒေသများတွင် ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ဆောင်သူများအနေဖြင့် ခွင့်ပြုချက်တောင်းကာ လက်တွဲလုပ်ဆောင်ရမည်ဟု ဒေသစည်ပင်များက ခေါ်ယူပြောဆိုခဲ့ကြောင်းသိရသည်။
မြို့အနှံ့နီးပါးပျက်စီးမှုများကြုံတွေ့နေရသည့် မန္တလေးမြို့တွင် ဧပြီလ ၆ ရက်ညပိုင်းတွင် မြို့တော်စည်ပင်သာယာဦးစီးဌာနမှပြုလုပ်သော အစည်းအဝေးတွင် ငလျင်ဘေးကယ်ဆယ်ရေးလုပ်ဆောင်သူများအနေဖြင့် စည်ပင်တွင် ခွင့်ပြုချက်လျှောက်ထားရမည်ဖြစ်ပြီး ခွင့်ပြုမှသာ လက်တွဲလုပ်ဆောင်ရမည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံပရဟိတလုပ်ဆောင်သူ တစ်ဦးက ပြောသည်။
” ရပ်ဝေးကရော၊ ရပ်နီးကရော လုပ်နေတာက ပြည်သူကို ကူညီချင်တာတစ်ခုတည်းနဲ့ ရောက်နေကြတယ်။ ဒေသစွဲမထားပဲ အများစုက ကူညီနေကြတာဆိုတော့ ခုက ခွင့်ပြုမိန့်တောင်းတာ၊ အချက်အလက်တွေမေးတာတွေဖြစ်လာတော့ တချို့ကူညီနေသူတွေက ဒီနေ့ကစ ဆက်မလုပ်တော့တာတွေဖြစ်လာတယ်” ဟု အဆောက်အဦပျက်များဖယ်ရှားရေးနှင့် ရှာဖွေကယ်ဆယ်ရေးဦးဆောင်သူတစ်ဦးက ပြောသည်။
ထိုအပြင် ငလျင်ဘေးသင့်ဒေသများအတွက် အလှူခံနေသူများအနေဖြင့်လည်း စစ်ကောင်စီ၏ ဌာနလေးခုတွင် ထောက်ခံစာ ၄ရွက်တောင်းခံပြီးမှသာ လုပ်ဆောင်ရမည်ဟု ကန့်သတ်ချက်များရှိလာသည်ဟု ပရဟိတလုပ်ဆောင်သူများက သံလွင်ခက်သို့ ဆက်သွယ်ပြောဆိုလာခဲ့သည်။
အဆိုပါခွင့်ပြုချက်တောင်းခံရမည့် ဌာနများမှာ ရပ်ကွက်ရုံး၊ သက်ဆိုင်ရာနယ်မြေရဲစခန်း၊ ထွေအုပ်ရုံးနှင့် စည်ပင်သာယာတို့ဖြစ်သည်။
အဆိုပါခွင့်ပြုချက်တောင်းခံရာတွင် အလှူခံမည့်နေရာ၊ လှူဒါန်းမည့်နေရာနှင့် ပါဝင်မည့်သူအရေအတွက်ကိုပါ ထည့်သွင်းရေးသားပေးရသည်ဟု ၎င်းတို့ကပြောသည်။
“တဖြည်းဖြည်းနဲ့ ပိုကြပ်လာမယ့်သဘောရှိတယ်။ သတင်းသမားတွေကို သတင်းယူခွင့်မပေးဘူး။ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တော်တော်များများကလည်း ပြန်သွားကြတဲ့အချိန်ဖြစ်တယ်။ နောက်တစ်ခုကတော့ တိုက်ဆိုင်တာလားတော့ မပြောတတ်ဘူး။ ခုက အလည်အပတ်ဗီဇာနဲ့ လာတဲ့ နိုင်ငံခြားသားတွေပါ ပိတ်လိုက်တယ်။ ခုက ကယ်ဆယ်ရေးရော၊ လှူခွင့်ကိုပါ ချုပ်ကိုင်ချင်တဲ့ အခြေအနေဖြစ်လာတယ်”ဟု လူမှုဖွံ့ဖြိုးရေးလုပ်ဆောင်နေသူတစ်ဦးကပြောသည်။
ငလျင်လှုပ်ခတ်ပြီးချိန်မှစကာ သက်ရောက်မှုပြင်းထန်ခဲ့သော အခြေအနေတွင် နိုင်ငံတကာအဖွဲ့အစည်းများ လှူဒါန်းမှုများစွာ ဆက်တိုက်ရှိလာခဲ့သော်လည်း စစ်ကောင်စီအနေဖြင့် ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ဆောင်မှုများတွင် ထိရောက်မှုမရှိသည်ဟု ပြောဆိုဝေဖန်မှုများစွာရှိနေခဲ့သည်။
ဓါတ်ပုံ – အဆောက်အဦပျက်များကြားတွင် ကယ်ဆယ်ရေးလုပ်ဆောင်နေကြသူများ(MFSD)