ဧပြီလ ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသည်များ အလည်အပတ်ဗီဇာဖြင့် လာရောက်ခြင်းကို ယာယီပိတ်ထားကြောင်း စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
မကြာသေးခင်က ဖြစ်ပွားခဲ့သောငလျင်ကြောင့် ပိတ်ပင်ရခြင်းဖြစ်ပြီး ပြန်လည်ဖွင့်မည်ရက်ကို ထပ်မံအသိပေးမည်ဖြစ်သည်ဟု ဖော်ပြထားသည်။
“ဧည့်သည်က တဖြည်းဖြည်းလျှော့လာတယ်။ လက်ရှိမှာလည်း ငလျင်ကရှိတော့ ဧည့်သည်အဝင်က အခြေအနေကို မသိရဘူး။ ဒါပေမယ့် သင်္ကြန်ကာလမှာတော့ ကြိုတင်ချိတ်ဆက်ထားတာတွေရှိတော့ အကုန်ပျက်ကုန်တယ်”ဟု ရန်ကုန်မြို့တွင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွင် ဦးဆောင်နေသူတစ်ဦးက ပြောသည်။
စစ်ကောင်၏ လဝက ထုတ်ပြန်ချက်တွင် Business Visa များကိုမှု ယခင်အတိုင်းလက်ခံဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် မတ်လ ၂၈ တွင်သက်ရောက်မှုပြင်းထန်ခဲ့သော မြေငလျင်သတင်းကို ရယူရန်အတွက် နိုင်ငံတကာသတင်းထောက်များ ခွင့်တောင်းခဲ့သော်လည်း စစ်ကောင်စီက ခွင့်မပြုကြောင်း စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။
“နိုင်ငံခြားသတင်းထောက်များအနေနဲ့ ဒီကိုရောက်လာရင် ကျွန်တော်တို့ဆီမှာက တည်းစရာ၊ နေစရာ အဆင်မပြေပါဘူးခင်ဗျ။ ဟိုတယ်တော်တော်များများကလည်း ထိခိုက်ထားတယ်။ လျှပ်စစ်မီးလည်း တော်တော်များများနေရာတွေမှာ မရသေးဘူး။ ရေနဲ့ပတ်သက်ပြီးလည်း တော်တော်အခက်အခဲရှိပါတယ်။ ကျွန်တော််တို့ အားလုံးကလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတဲ့အချိန်ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၃၀ တွင် ပြောသည်။
လက်ရှိ ဧပြီလ ၇ ရက်တွင် ငလျင်သက်ရောက်ခဲ့ရမှု ၁၁ ရက်မြောက်ခဲ့ပြီဖြစ်သည်။
ဓါတ်ပုံ – ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယခင်က ခရီးသွားများဝင်ရောက်လာစဉ်(YIA)