ငလျင်ဘေးကြုံတွေ့နေရသော မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရင် အကူအညီနှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် တပ်ဖွဲ့ဝင် ၅၅ ဦးပါသော အဖွဲ့အား ဒုတိယအသုတ်စေလွှတ်မည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
အဆိုပါအဖွဲ့တွင် အုပ်ချုပ်ရေးအဖွဲ့ဝင် ၅ ဦး၊ ချိတ်ဆက်ညှိနှိုင်းရေးမှူး ၄ဦး၊ အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုပေးသူ ၂၂ ဦး၊ အင်ဂျင်နီယာ ၁၂ ဦး၊ ရှာဖွေကယ်ဆယ်ရေး ၆ ဦး၊ ထောက်ပံ့ရေး ၆ ဦးနှင့် လုံခြုံရေး ၆ ဦးတို့ပါဝင်မည်ဟု ထည့်သွင်းဖော်ပြထားသည်။
ငလျင်ဘေးဒဏ်ကြုံတွေ့ရပြီး မတ်လ ၃၀ ရက်တွင် အင်အား ၅၅ ဦးပါဝင်သော ပထမအသုတ်စေလွှတ်ကာ ကယ်ဆယ်ရေးနှင့် ကူညီရေးများလုပ်ဆောင်ခဲ့သည်ဟု ဖော်ပြထားသည်။
အဖွဲ့ဝင်တစ်ဦးစီသည် ၈ ရက်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် အခြားအဖွဲ့တစ်ဖွဲ့ဖြင့် အစားထိုးမည်ဖြစ်သည်။ ၎င်းတို့၏ အဓိကတာဝန်များတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ တစ်နေ့လျှင် အနည်းဆုံး လူ ၁၀၀ အား အကူအညီပေးခြင်းနှင့် ယာယီခိုလှုံရန် နေရာများ တစ်နေ့ ၃၀ ဆောက်လုပ်ပေးခြင်းတို့ ပါဝင်သည်ဟု ရေးသားထားသည်။
ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်တွင် လေ့လာသူများ၏ ပြောဆိုချက်များအရ မြန်မာစစ်တပ်သည် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်မှုမရှိဘဲ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ရှောင်ကြဉ်နေသည်ဟု ဖော်ပြသည်။
အရပ်ဘက်အဖွဲ့အစည်းများ၏ ပြောဆိုမှုတွင် စစ်တပ်သည် ဘေးဒုက္ခခံစားရဒေသများသို့ ရောက်ရှိနေသော အကူအညီထောက်ပံ့ရေး ကားများကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ပြည်တွင်းစစ်ဖြစ်ပွားနေဆဲအတွင်း စစ်တပ်သည် ငလျင်သင့်ဒေသများတွင် တိုက်ခိုက်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသည်ဟုလည်း အစီရင်ခံစာများရှိသည်ဟု ထည့်သွင်းဖော်ပြထားပါသည်။










