ငလျင်ဘေးဒဏ်ကြုံတွေ့နေရသော မြန်မာနိုင်ငံအတွက် ကယ်ဆယ်ရေးများလုပ်ဆောင်ရန် ရောက်ရှိလာသော အမေရိကန်နိုင်ငံမှ ခရစ်ယာန် ပရဟိတအဖွဲ့Samaritan Purse၏ ယာယီဆေးရုံကို နေပြည်တော်တွင် ဆောက်လုပ်ရန် စစ်ကောင်စီက ခွင့်ပြုချက်ပေးခဲ့သည်ဟု သတင်းထုတ်ပြန်ထာသည်။
အမေရိကန်နိုင်ငံမှ ခရစ်ယာန် ပရဟိတအဖွဲ့Samaritan Purse အနေဖြင့် မြန်မာနိုင်ငံရှိငလျင်ဘေးသင့်ပြည်သူများအား ကူညီနိုင်ရန်အတွက် လေယာဉ် ၂ စီးဖြင့် ဧပြီလ ၂ ရက်တွင် စတင်ထွက်ခွာခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါလေယာဉ်များအနက် ပထမလေယာဉ်တွင် ယာယီဆေးရုံပစ္စည်းများပါဝင်ပြီး ဒုတိယလေယာဉ်အဖြစ် ဘိုးရင်း ၇၄၇ ကာဂိုလေယာဉ်တွင် ၁၀၄ တန်ချိန်ရှိ အရေးပေါ်သုံးပစ္စည်းများကို သယ်ဆောင်လာခဲ့သည်။ အဆိုပါအရေးပေါ်သုံးပစ္စည်းများတွင် ရေသန့်စင်စက် ၆လုံး၊ အရေးပေါ်တဲရှင်များ၊ ဆိုလာမီးများနှင့် အခြားလိုအပ်သောပစ္စည်းများပါဝင်သည်ဟု ဖော်ပြထားသည်။
အမေရိကန် အခြေစိုက် Samaritan Purse ခရစ်ယာန် အဖွဲ့အစည်းသည် ကမ္ဘာအနှံ့အပြားတွင် သဘာဝဘေး၊ စစ်ဘေး၊အငတ်ဘေးရောဂါနှင့် အခြား လိုအပ်သည့်နေရာများတွင် လေယာဉ်ပေါင်း ၂၁ စီးနှင့် အတူ ရဟတ်ယာဉ် ၂ စီး ဖြင့် ကူညီပေးနေသော အဖွဲ့အစည်းများဖြစ်သည်။
တာဝန်ကျ ဆရာဝန် သူနာပြုများသည် ကာလအားဖြင့် သုံးပတ်မှ ၄ပတ်တစ်ကြိမ် အလှည့်ကျ ယာယီဆေးရုံတွင် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
ကိုးကားနှင့် ဓါတ်ပုံ – Samaritan Purse




