ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆောက်လက်စ စာရင်းစစ်ချုပ်ရုံး ပြိုကျမှုတွင် သေဆုံးသူများကို ထိုင်းအစိုးရမှ လျော်ကြေး တစ်ဦးလျှင် ဘတ် ၁၇ သိန်းပေးမည်ဟု ပြောဆိုထားသော်လည်း မြန်မာရွှေ့ပြောင်းလုပ်သားများမှာ အမှုဖွင့်တိုင်ကြားသူ မရှိသည့်အတွက် ရရှိရန် ခက်ခဲနေသည်ဟု မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ Worker Alliance Group (WAG) မှ ကိုမုန်တိုင်းက ပြောသည်။
ထိုလျော်ကြေးငွေအား အချက်အလက်များ ပြည့်စုံပါက ထိုင်းအစိုးရဘက်မှ တစ်ပတ်အတွင်းတွင် ထုတ်ပေးမည်ဟု ကြေညာထားသော်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားများထဲမှ သေဆုံး၊ ပျောက်ဆုံးနှင့် ဆေးကုသခံနေရသူများ၏ မိသားစုဝင်များနှင့် ဆွေမျိုးတစ်ဝမ်းကွဲတို့သည် လက်ရှိအချိန်အထိ အမှုဖွင့် တိုင်ကြားခြင်း မရှိသောကြောင့် လျော်ကြေးငွေ ရရှိရန် အခက်အခဲရှိနေခြင်း ဖြစ်သည်။
“ပျောက်ဆုံးတဲ့ သူတွေမှာ မြန်မာဘယ်နှစ်ယောက်ပါတယ်လို့ စာရင်းပေးထားတာ မရှိသေးတော့ အမှုဖွင့်ဖို့နဲ့ လျော်ကြေးငွေရဖို့ အရမ်းခက်ခဲနေတယ်။ ပြောရမယ်ဆို မတိုင်ကြသေးတာပေါ့။ အခုထိ မတိုင်ကြသေးတာပေါ့။ ထိုင်းလူမျိုးတွေမှာ စာရင်းတင်နေပြီ။ မြန်မာတွေမှာက အခုထိ တချို့တွေကျတော့လည်း ဒီမှာ မိသားစုဝင်တွေရှိတယ်။ တချို့ကျတော့ တစ်ယောက်တည်းရှိတဲ့သူကျတော့ ဆွေမျိုးတစ်ဝမ်းကွဲကမှ အမှုဖွင့်ပေးလို့ရတယ်။ အမျိုး သုံးဝမ်းကွဲက အမှုဖွင့်ပေးလို့ မရဘူး” ဟု ၎င်းက အခြေအနေကို ပြောသည်။
ထို့အပြင် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများ လျော်ကြေးငွေ ရရှိရေးအတွက်လည်း စက်ရုံမှ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ လုပ်ဆောင်နေသော်လည်း တိကျမှန်ကန်သည့် အချက်အလက်များ မသိရသေးဟု ကိုမုန်တိုင်းမှ ပြောသည်။
“အမှုပြီးမှ ပေးမှာလား၊ အမှုမပြီးခင် ပေးမှာလား။ အစိုးရ ပေးသလို တိုက်ရိုက်လျော်ပေးမှာလား။ အဲဒါကို ကျွန်တော်တို့လည်း သိချင်တယ်။ အဲဒါကို ကျွန်တော်တို့လည်း စောင့်နေဆဲပါပဲ။ အထောက်အထားမဲ့တွေအတွက် လျော်ကြေးကိစ္စကို ထိုင်းအစိုးရဘက်က တရားဝင် မထုတ်ပြန်သေးဘူး ခင်ဗျာ” ဟု ၎င်းက ပြောသည်။
ယင်း ဆောက်လက်စ အဆောက်အအုံ ပြိုကျမှုကြောင့် ရွှေ့ပြောင်းအလုပ်သမား ၁၅ ဦးသေဆုံးခဲ့ပြီး ဆေးကုသမှုခံယူနေသူ ၉ ဦးရှိကာ လက်ရှိအချိန်အထိ ပျောက်ဆုံးနေသူ ၇၉ ဦးရှိသည်။ ထိုထဲတွင် မြန်မာအလုပ်သမားများသာမက ထိုင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံသားများလည်း ပါဝင်သည်ဟု သိရသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ဒဏ်ရာရသူ ၉ ဦးတွင် ထိုင်း ၆ ဦး၊ ပြည်ပနိုင်ငံသား ၂ ဦး၊ မည်သည့်နိုင်ငံသားမှန်းမသိ သူတစ်ဦးပါဝင်ပြီး သေဆုံးသူ ၁၅ ဦးတွင် (ထိုင်း ၁၀ ဦး၊ နိုင်ငံခြားသား ၃ ဦး၊ မည်သည့်နိုင်ငံသားမှန်းမသိ ၂ ဦး) ရှိပါဝင်သည်ဟု သိရသည်။
ငလျင်ဒဏ်ကြောင့် စာရင်းစစ်ရုံး ပြိုကျခဲ့မှုတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအပါအဝင် သေဆုံးဒဏ်ရာရလုပ်သားများကို တစ်ပတ်အတွင်း နစ်နာကြေးပေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဧပြီ ၅ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
သေဆုံးဒဏ်ရာရသူများအတွက် နီးစပ်ရာ ဆွေမျိုးများက အထောက်အထား စာရွက်စာတမ်း ပြည့်စုံစွာ တင်ပြပြီးပါက တစ်ပတ်အတွင်း ပေးအပ်သွားမည်ဟု ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လက်ရှိတွင် သေဆုံး၊ ပျောက်ဆုံးနှင့် ဆေးကုသမှု ခံယူနေသူ မြန်မာရွှေ့ပြောင်းအလုပ်သမားများထဲတွင် နှစ်နိုင်ငံ သဘောတူညီချက် (MOU) စနစ်ဖြင့်လာသောသူများ၊ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (ပန်းရောင်ကဒ်) ကိုင်ဆိုင်ထားသူများနှင့် အထောက်အထားမရှိသူ အရေအတွက် အတိအကျအား မသိရသေးဟု ကိုမုန်တိုင်းမှ ပြောသည်။
ယင်းသို့ စာရင်းအတိအကျ မရရှိခြင်း၊ တိုင်ကြားသူ မရှိခြင်းနှင့် အထောက်အထားများ မရှိခြင်းကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားးများ အနေဖြင့် နစ်နာမှုများရှိနေသည်ဟု ၎င်းမှ သုံးသပ်သည်။
ထို့ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် လုပ်ငန်းခွင်အတွင်း တစ်စုံတစ်ရာ အန္တရာယ် ကြုံတွေ့ရပါက နစ်နာဆုံးရှုံးမှုများအတွက် ရရှိသင့်သည့် လျော်ကြေးငွေများအား ပြည့်ပြည့်ဝဝ ရရှိရန် ထိုင်းအစိုးရမှ အထောက်အထားများ လုပ်ဆောင်ပေးသည့်အချိန်တွင် လုပ်ထားသင့်သည်ဟု ကိုမုန်တိုင်းမှ အကြံပြုသည်။
ပုံစာ – ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပြိုကျခဲ့သော ဆောက်လက်စ စာရင်းစစ်ရုံးတွင် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ်