ငလျင်စလှုပ်ခတ်ခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်မှ ဧပြီ ၃ ရက် တစ်ပတ်အတွင်း ကယ်ဆယ်ရာတွင် မန္တလေးအတွင်း ပြည်သူ ၄၀၄ ဦး အသက်ရှင်ကယ်ထုတ်နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ထုတ်ပြန်သည်။
၎င်းတို့ထဲတွင် အမျိုးသား ၂၁၇ ဦးနှင့် အမျိုးသမီး ၁၈၇ ဦး ပါဝင်သည်။ စုစုပေါင်း သေဆုံးသူ ၃၅၈ ဦးရှိခဲ့ပြီး အမျိုးသား ၂၀၃ ဦးနှင့် အမျိုးသမီး ၁၅၅ ပါဝင်သည်ဟု သိရသည်။
အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းအတွင်း ပြိုကျပျက်စီးခဲ့သော အဆောက်အဦများတွင် ပိတ်မိနေသူများအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပရဟိတအဖွဲ့များ၊ လူမှုကူညီရေးအသင်းများ၊ ပြည်သူများနှင့် နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်တွင်း ပရဟိတအဖွဲ့များ၊ လူမှုကူညီရေးအသင်းများ၊ ပြည်သူများ၊ ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ ဘီလာရုစ်နိုင်ငံတို့မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းကာ ဦးလှသိန်းသာသနာ့ဗိမ္မာန်၊ ၃၁-၈၅A လမ်းရှိ အဆောက်အဦ၊ Golden Country ဟိုတယ်၊ တိမ်ဖြူဟိုတယ်၊ မောက်မယ်ဝင်းတက်လမ်းဆေးကျောင်းသားအဆောင်၊ Sky Villa ၊ ၁၅-၁၆လမ်း၊ ၈၆ – ၈၇ လမ်းရှိ RC ခုနစ်ထပ်၊ ဂရိတ်ဝေါဟိုတယ်၊ Tulip တည်းခိုခန်း၊ ဝင်းစတားဟိုတယ်နှင့် ပါရာဂွန်ဟိုတယ် စသည့် နေရာ ၁၁ ခုတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု သိရသည်။