ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ကယားလီဖု အထက်တန်းကျောင်းမှာ ၁၀ တန်းနှင့် ၁၁တန်း အောင်မြင်ပြီးဆုံးသည့် ကျောင်းသူ/ကျောင်းသားများကို အောင်လက်မှတ်ထုတ်ပေးသည့် အခမ်းအနားကို ဧပြီလ ၃ ရက်နေ့ ပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားတွင် ၂၀၂၄-၂၀၂၅ ခုနှစ်ပညာသင်နှစ်အတွက် လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းရှိ ကယားလီဖု အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၅၉ဦးကို အတန်းတင်အောင်လက်မှ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါကျောင်းဆင်းပွဲကို ဒေသခံကျောင်းသားမိဘများ ၊ ဆရာ/မ များ၊ ဆယ်တဲရုံးမှ တာဝန်ရှိသူများ၊ ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) လက်အောက်ခံ တရားသူကြီးရုံးမှ တာဝန်ရှိသူများနှင့် ဒေသတွင်း လူငယ်ခေါင်းဆောင်များမှ တက်ရောက်ခဲ့ကြသည်။
ယင်းအထက်တန်းကျောင်းသည် ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားသည့်ကျောင်းဖြစ်ပြီး လွိုင်ကော်မြို့မှ စစ်ရှောင်များနှင့် လွိုင်ကော်မြို့အနောက်ဘက်ခြမ်းမှ ဒေသခံကလေးငယ်များ၏ ပညာရေးအတွက် အားထား ရသည့် ကျောင်းတကျောင်းလည်းဖြစ်သည်ဟု ကယားလီဖု အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမ မော်ငါးမယ်မှ ပြောသည်။
သို့သော် စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများ အတွက် အားထားရသည့် အဆိုပါကျောင်းလေးမှာ ကိုယ်ထူ ကိုယ်ထကျောင်းဖြစ်ခြင်းကြောင့် ဆရာ၊ဆရာမ မလုံလောက်ခြင်း၊ သင်ထောက်ကူပစ္စည်း မလုံလောက်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းများအား ရင်ဆိုင်နေရသည်ဟု အဆိုပါ ဆရာမမှ ပြောသည်။
“ဆရာ၊ဆရာမ မလုံလောက်တာတခုရှိမယ် ဖတ်စာအုပ်တွေက ကိုယ်တိုင်ရှာဝယ်ရတယ် တချို့အဆင်မပြေတာတွေရှိတယ်ပေါ့နော်။လမ်းပန်းဆက်သွယ်ရေးဖြစ်ဖြစ်အခက်အခဲတွေရှိတာပေါ့နော်။” ဟု ဆရာမမှ ဆိုသည်။
ယခင်စာသင်နှစ်တွင် ကယားဖုလီအထက်တန်းကျောင်းမှ ကျောင်းသား/သူပေါင်း စုစုပေါင်း ၆၀ ဦးအထိ အောင်လက်မှတ်များထုတ်ပေးထားခဲ့ပြီး လာမည့်စာသင်နှစ်တွင် ၁၂ တန်းအထိ တိုးချဲ့ဖွင့်လှစ် သွားမည် ဟုလည်းသိရသည်။
ပုံစာ- ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းရှိ ကယားလီဖုအထက်တန်းကျောင်းမှ ကျောင်းသား/သူများကို အောင်လက်မှတ်များ ထုတ်ပေးခဲ့သည်။ (ဓာတ်ပုံ-သံလွင်ခက်)



















