သန္တာဖြူ
ငလျင်ဒဏ်ကြောင့် မြို့၏ ၈၀ ရာခိုင်နှုန်းပျက်စီးသွားသည့် စစ်ကိုင်းမြို့တွင် လုံခြုံရေးအကြောင်းပြပြီး စစ်ကောင်စီမှ စစ်ဆေးနေသည်ဟု ကိုယ်ထူကိုယ်ထ ငလျင်ကူညီကယ်ဆယ်ရေး လုပ်နေသည့် စစ်ကိုင်းဒေသခံများထံမှ သိရသည်။
“ကားနဲ့ လာပြီး လှူဖို့ကျတော့ စစ်ကိုင်း မန္တလေး တံတားက ဖြတ်ဖို့က အဆင်မပြေတဲ့အခါကျတော့ ဖြတ်ဖို့က ပစ္စည်းနည်းတယ်၊ ကားနဲ့ လာမယ်ဆိုရင် သူတို့ဆီက ထောက်ခံချက်နဲ့ အဆင်ပြေမှာပေါ့။ ထွေအုပ်ရုံးကနေ ထောက်ခံပေးမှ ဒီဘက်ကို ဝင်လို့ရတာ။”ဟု စစ်ကိုင်းမြို့အား ဝင်ရောက်ခွင့်ကန့်သတ်ထားသည့် အခြေအနေအား အဆိုပါ အမျိုးသမီးမှ ရှင်းပြသည်။
စစ်ကောင်စီသည် စစ်ကိုင်းမြို့သို့ ကူညီကယ်ဆယ်ရေးပစ္စည်းလာရောက်လှူဒါန်းသည့် ကားများအား တင်းကျပ်စွာ စစ်ဆေးနေသည့်အပြင် စစ်ကိုင်းမြို့မှ အမရပူရမြို့နယ် ရွှေကြက်ယက်ဆိပ်ကမ်းသို့ ကူးလူးနေသည့် စက်လှေများအားလည်း ဖြတ်သန်းခွင့်တားမြစ်ထားသည့် အသက် ၂၉ နှစ်အရွယ် စစ်ကိုင်းဒေသခံ အမျိုးသမီးတစ်ဦးမှ ပြောသည်။
“ကျနော်တို့ အခု လောလောဆယ်တော့ ပြင်ဦးလွင်က လာတဲ့ အလှူရှင်တွေဆီ သွားနေတာပါ။ အခု စက်လှေတွေ ထွက်ခွင့်မပေးလို့ ပစ္စည်းတွေကို သင်္ဘောနဲ့ သွားယူနေတာ။ တခြားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မှာ စိုးတာ အဲလိုမျိုးတွေပေါ့၊ တခြားအဖွဲ့အစည်းတွေဆိုတာက သူတို့ဘက်က အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းကို ပြောတာပေါ့။ အဲဒါကြောင့်မို့ရယ် ပြီးတော့ ကျနော်တို့ အလှူခံလို့ရတဲ့ ပစ္စည်းတွေကို ဘယ်အဖွဲ့အစည်းက လာလှူတာတုန်း၊ ဘယ်ပရဟိတ အဖွဲ့အစည်းက လာလှူတာတုန်း မေးတယ်ပေါ့နော်။”ဟု အဆိုပါ အမျိုးသမီးမှ ပြောသည်။
ယင်းသို့ စက်လှေများဖြင့် သွားလာခွင့်ကိုပါ ကန့်သတ်ထားခြင်းကြောင့် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအား သယ်ယူရန် စက်လှေဖြင့် သယ်ယူပါက အချိန် ၅ မိနစ်ခန့်သာ ကြာမြင့်သည့် ခရီးအကွာအဝေးအား ယခု သေ င်္ဘာဖြင့် အချိန် တစ်နာရီခွဲခန့် ကြာမြင့်သည့်အထိ သွားနေရသည်ဟု ယင်းအမျိုးသမီးမှ ပြောသည်။
ထို့အပြင် ကူညီကယ်ဆယ်ရေးအတွက် ယူဆောင်လာသည့် ပစ္စည်းများအား ဖွင့်ဖောက်စစ်ဆေးခြင်းများရှိ နေသည့်အပြင် ပစ္စည်းအချို့အားလည်း စစ်ကောင်စီနှင့် ပူးပေါင်းစစ်ဆေးသည့် အဖွဲ့များအားထံတွင် ပေးထားခဲ့ရသည့် အခြေအနေများလည်း ကြုံတွေ့နေရသည်ဟု စစ်ကိုင်းမြို့တွင် ကူညီကယ်ဆယ်ရေး လုပ်နေသည့် အမျိုးသမီးတစ်ဦးမှ ပြောသည်။
“ပိတ်ပင်တားဆီးခံနေရတယ်။ ကျမတို့က လိုသလောက်မရဘူး။ မနေ့တုန်းကဆိုလည်း ကယ်ဆယ်ရေးအဖွဲ့တွေက ညအထိ အလုပ်လုပ်တယ်။ အဲဒါကို စစ်ကောင်စီအဖွဲ့တွေက လာပြီး စစ်ဆေးတယ်။ ကူညီနေတဲ့ အဖွဲ့တွေတောင်မှ ခရေစေ့တွင်းကျပ်တာပေါ့ သူတို့ရဲ့ အဓိက လုံခြုံရေးကိုပဲ ဦးစားပေးနေတယ်။ ဒီပြည်သူတွေ ကယ်ဆယ်ရေးကို သူတို့ ဦးစားမပေးဘူး၊ နောက်တစ်ခါ ကျွေးမွေးတဲ့ အဖွဲ့တွေဆိုလည်း ဘယ်ကလာလဲဆိုတာကအစ အကုန်လုံးကို စစ်ဆေးတယ်။ တခြားကနေ မြို့စားကနေ မြစ်ကူးပြီး သယ်လာမယ်ဆိုရင်လည်း စားနပ်ရိက္ခာတွေဆို နှုတ်ယူတာတွေ လိုသလောက် ခရီးမရောက်ဘူး ပိတ်ဆို့တာတွေ ဖြစ်နေပါတယ်။” ဟု ယင်းအမျိုးသမီးမှ ပြောသည်။
ထို့အပြင် မြို့အတွင်းနှင့် အနီးတဝိုက်မှ ပြိုပျက်စီးသွားသည့် အဆောက်အအုံများအား ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရှင်းလင်းနေရခြင်းကြောင့် လက်ရှိအချိန်ထိ အလုံးစုံရှင်းလင်းနိုင်ခြင်း မရှိသေးခြင်းကြောင့် ဒေသခံများမှာ ငလျင်ပြီးနောက် အခက်အခဲမျိုးစုံများ ကြုံတွေ့နေရသည်။
ပုံစာ – ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့တွင် ပျက်စီးသွားသော လမ်းများနှင့် အဆောက်အအုံများ



