အမီးလေး
မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် ငလျင်ကြောင့် အကျဉ်းသား ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိထားပြီး အကျဉ်းသားကိုးဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသော်လည်း ယနေ့ချိန်ထိ လုံလောက်သည့် ဆေးကုသခွင့် မရသေးဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက် PPNM မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။
“အထိခိုက်ဒဏ်ရာရတဲ့သူတွေ ထဲမှာမှ ဆိုးဆိုးဝါးဝါးပြင်းပြင်းထန်ထန် ဒဏ်ရာရတဲ့သူအနည်းဆုံး ၉ ဦးလောက် ကျတော်တို့အတည်ပြုထားနိုင်တယ်၊ ခြေကျိုးတဲ့သူတွေဆိုလည်း အခုချိန်ထိ ခွင့်ပြုချက်ရဖို့ တင်ပြနေသည့်တိုင်အောင် ခွင့်ပြုချက်မရတာမျိုးတွေ့ရတယ်။” ဟု ကိုသိုက်ထွန်းဦးမှ ပြောသည်။
အကျဉ်းထောင်တွင် ဆရာဝန်များမလုံလောက်သည့် အပြင် အရက်ပြန်၊ ပတ်တီး၊ ဂွမ်းနှင့်အနာကျက်ဆေးရည်များ အဓိကလိုအပ်နေကြောင်းသိရသည်။
“နဂိုမူလအချိန်ကတည်းက ဆရာဝန်အင်အားနည်းလွန်းအားတဲ့ ထောင်တွေဟာ လက်ရှိ နဂိုမူလ ကျန်းမာရေးမကောင်းတဲ့သူတွေ အပါအဝင် ငလျင်ဒဏ်ကြောင့်မို့လို့ နောက်ဆက်တွဲ ဒဏ်ရာရတဲ့သူတွေပါ အခုဆေးရုံတွေမှာ ထောင်ဆေးရုံတွေမှာ ပြသနေရတယ်၊ ပြင်ပ ဆေးရုံးကို ပို့ဆောင်ခြင်းအားဖြင့် ကျန်းမာရေး အသက်အန္တာယ်ကို ကာကွယ်နိုင်မဲ့လူတွေကို ပို့စေချင်ပါတယ်၊ ဒါပေမယ့် တချို့ တင်ပြနိုင်သည့်တိုင်အောင် ခွင့်မပြုတာကိုလည်း စိတ်မကောင်းဖွယ်တွေ့နေရပါတယ်” ဟုဆိုသည်။
ယင်းသို့ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး စိုးရိမ်ရသည့် ကိုးဦးထဲတွင် နိုင်ငံရေးအကျဉ်းသား အချို့လည်းပါဝင်ပြီး ခြေလက်ကျိုးခြင်းနှင့် ဦးခေါင်းများ ထိခိုက်ထားသည်ဟု သိရသည်။
“နိုင်ကျဉ်းတွေလည်း တော်တော်များများပါတယ်၊ ခြေကျိုးလက်ကျိုးတွေလည်း ဂရိုစိုက်ရမယ့်သူတွေဖြစ်တယ် အထူးသဖြင့် ဆရာဝန်မလုံလောက်တဲ့အခါမှ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောင်မှု မပေးနိုင်ရင်တော့ အကျဉ်း ထောင်တွေထဲမှာရှိတဲ့ အကျဉ်းသားတွေရဲ့အသက်ဟာ စိုးရိမ်ရတဲ့ အခြေအနေတစ်ခု တော့ရှိတယ်လို့ ပြော ချင်ပါတယ်” ဟုဆိုသည်။
မတ်လ ၂၈ ရက်နေ့ မန္တလေးမြို့တွင် လှုပ်ခတ်သွားသည့် ငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်ရှိ အကျဉ်းသား၊သူ များအဆောင်တချို့၊အလုပ်ရုံများနှင့် အုတ်တံတိုင်းများ တချို့ ပြိုကျမှုကြောင့် အကျဉ်းသား၊ သူများ ထိခိုက်ဒဏ်ရာရရှိကြပြီး သေဆုံးသူလေးဦး ရှိခဲ့သည်။
ပုံစာ – ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့တွင် ပျက်စီးသွားသော လမ်းများနှင့် အဆောက်အအုံများ