ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ အရပ်ဖက်အဖွဲ့အစည်းများက မြေပြင်တွင် ကယ်ဆယ်ရေးဆောင်ရွက်နေသူများ၊ စေတနာ့ဝန်ထမ်းများနှင့် စုပေါင်းကာ ငလျင် အရေးပေါ်တုံ့ပြန်မှုညိုနှိုင်းဆောင်ရွက်ရေးယူနစ် (ERCU) အား ဖွဲ့စည်းလိုက်သည်ဟု ထုတ်ပြန်သည်။
၎င်းယူနစ်တွင် ငလျင်ဒဏ်ခံစားခဲ့ရသည့် ဒေသရှိ အရပ်ဖက်အဖွဲ့အစည်းများလည်းပါဝင်ပြီး အရေးပေါ် တုံ့ပြန်ရေး၊ အရင်းအမြစ်များ စုစည်းနိုင်ရေးနှင့် သတင်းအချက်အလက်များ စီမံခန့်ခွဲမှုတို့အား အဓိက ဆောင်ရွက်သွားမည်ဟု သိရသည်။
ငလျင်ဒဏ်အပြင်းဆုံးခံခဲ့ရသည့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ငလျင်သင့်ဒေသများတွင် ဧပြီ ၃ ရက်အထိ စုစုပေါင်း ၃၈၀၀ ကျော် သေဆုံးခဲ့ပြီး အဆောက်အဦးပေါင်း ၇၁၂ လုံးပျက်စီးခဲ့သည်ဟု DVB Data Team ၏ အချက်အလက်များကို ကိုးကား၍ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ငလျင်သင့်ဒေသရှိပြည်သူများအတွက် ရိက္ခာခြောက်များ၊သောက်ရေနှင့် သုံးရေ၊ ရေသန့်စက်များ၊ ဆေးဝါးများ၊ ခြင်ဆေးများ၊ သေဆုံးခန္ဓာများအား ရှာဖွေရန် လိုအပ်ချက်များ၊ အိပ်စက်ရန် နေရာများ၊ စောင်၊ ခြင်ထောင်နှင့် ဖျာများ၊ ဆိုလာမီးများ အရေးပေါ်လိုအပ်နေသည်ဟုလည်း ERCU က ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီ အနေဖြင့် ငလျင်ဒဏ်ကြောင့် ပြတ်တောက်သွားသည့် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများအား အကန့်အသတ်မရှိ ဖွင့်လှစ်ပေးရန်လည်း ၎င်းက တောင်းဆိုထားသည်။
မတ်လ ၂၈ ရက်တွင် ရစ်ချ်တာစကေး ၇ ဒဿမ ၇ ငလျင် တစ်ခုလှုပ်ခတ်သွားပြီး မန္တလေး၊ မတ္တရာ၊ အမရပူရ၊ စစ်ကိုင်း၊တောင်ငူ၊ မိထ္တီလာ၊ ရမည်းသင်း၊ အင်းဝ၊ နေပြည်တော်နှင့် အင်းလေး စသည့် ဒေသများတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။