အမီးလေး
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများသည့် မန္တလေးမြို့တွင် တစ်ပတ်ခန့်ကြာမြင့်သည်အထိ အလုံးစုံ မရှင်းလင်းနိုင်သေးသောကြောင့် အဆောက်အဦးပြိုကျသည့် နေရာဝန်းကျင်များတွင် အပုပ်နံ့များ ထွက်နေသည်ဟုရှာဖွေကူညီကယ်ဆယ်ပေးနေသူအချို့ထံမှ သိရသည်။
ကယ်ဆယ်ရေးလုပ်ဆောင်နေသူ အမျိုးသားတစ်ဦးက “အပုပ်နံ့တွေ ထွက်နေပြီး အရမ်းနံနေတယ်” ဟု ပြောသည်။
မန္တလေးမြို့တွင် ငလျင်ကြောင့် သေဆုံးသူ ၁၅၅၃ ဦးအထိ ရှိနေပြီး နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ အနယ်နယ်အရပ်ရပ်မှ ကယ်ဆယ်ရေးအဖွဲ့များ စုပေါင်းပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေကြသည်။
ယင်းသို့ ပျောက်ဆုံးသူများအား ရှာဖွေနေသည်မှာ ရက်ကြာလာသည်နှင့်အမျှ ရှာဖွေရန် ခက်ခဲလာသည်ဟုလည်း မန္တလေးမြို့တွင် ရှာဖွေကယ်ဆယ်ရေးလုပ်နေသူ အမျိုးသားတစ်ဦးမှ ပြောသည်။
“ကယ်ဆယ်ရေးကတော့ အရှိန်မြှင့်ပြီးတော့ ရှာဖွေနေဆဲပဲ။ ဒါပေမယ့်လည်း ရက်က ကြာလာတဲ့အခါကျတော့ မျှော်လင့်လို့တော့ သိပ်မရတော့ဘူး” ဟု ၎င်းက ဆိုသည်။
ထို့သို ရှာဖွေရက်ကြာမြင့်လာသည့်နှင့်အမျှ အပုပ်နံ့များထွက်လာခြင်းနှင့် အပူရှိန်မြင့်မားလာခြင်းကြောင့် ဒေသခံအချို့မှာ အခက်အခဲများ ကြုံနေကြရသည်ဟု မန္တလေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ထမင်းလည်း မစားနိုင် ရေလည်း မသောက်နိုင်၊ အပူရှိန်က မြင့်၊ အတော်ပူတာ။ ညညဆို အိပ် မပျော်ဘူး။ အိပ်လို့လည်း မရဘူး” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ငလျင်ဖြစ်ပြီးနောက် သောက်ရေနှင့် သုံးရေ ပြတ်လပ်သွားပြီး ကနဦးက ရေလုံလောက်မှု မရှိခြင်းကြောင့် အချို့မှာ မြောင်းရေများကို အသုံးပြုခဲ့ကြရသည်ဟု ဆိုကြသည်။
အဆိုပါ အမျိုးသမီးကပဲ “အခု ဝမ်းလျှောနေတာ။ ငလျင် ဖြစ်စက မြောင်းရေပဲ သောက်ရတာ။ အခုတော့ ရေသန့်တွေတော့ ရပြီ၊။ လုံလောက်တော့ မလောက်ဘူးပေါ့” ဟု ပြောသည်။
မတ်လ ၂၈ ရက် နေ့လည်ပိုင်းက ပြင်းအား ၇ ဒဿမ ၇ ရစ်ချ်တာစကေးရှိ ငလျင်သည် မန္တလေး၊ မတ္တရာ၊ အမရပူရ၊ စစ်ကိုင်း၊ တောင်ငူ၊ မိထ္တီလာ၊ ရမည်းသင်း၊ အင်းဝ၊ နေပြည်တော်နှင့် အင်းလေး စသည့် ဒေသများအား ဗဟိုပြု လှုပ်ခတ်သွားပြီး ဧပြီ ၂ ရက်အထိ စုစုပေါင်း လူဦးရေ ၃၈၀၀ ကျော် သေဆုံးခဲ့သည်။ ထို့အပြင် ဒဏ်ရာရရှိသူ ၅၄၀၀ ကျော်နှင့် ပျောက်ဆုံးသူ ၇၀၀ ကျော်ရှိသည်ဟု DVB Data Team ၏ အချက်အလက်များအရ သိရသည်။
ယင်းသို့ ပြင်းအားမြင့် ငလျင်ဒဏ်ခံစားရသည့် မြန်မာနိုင်ငံအား နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ ပေါင်း ၁၅ နိုင်ငံမှ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၅၁၉ ဦးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံ ပရဟိတနှင့် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။
ပုံစာ – မန္တလေးလမ်းမနံဘေးများရှိ ငလျင်ဘေးရှောင် ပြည်သူများ