အမီးလေး
ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် စစ်ကောင်စီက ဧပြီလ ၂ ရက်မှ ၂၂ ရက်အထိ ယာယီ အပစ်ရပ်ကြောင်း ကြေညာပြီး ယနေ့ မနက်ပိုင်းတွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်နှင့် မြစ်ကြီးနားမြို့တို့၌ လက်နက်ကြီးများ ပစ်ခတ်နေသည်ဟု ဒေသခံများထံမှ သိရသည်။
ဝိုင်းမော်မြို့နယ်၊ လမြန်းကျေးရွာအနီးတွင် ယနေ့ နံနက် ၇ နာရီခန့်၌ လက်နက်ကြီးပစ်သံများနှင့် သေနတ်သံများ ကြားနေရခြင်းကြောင့် စိုးရိမ်နေရသည်ဟု ဝါရှောင်ဆရာတော်မှ မိန့်သည်။
“လက်နက်ကြီးနဲ့ သေနတ်တွေနဲ့ လှမ်းပစ်တယ်။ ဘုန်းဘုန်းတို့ ဒီရွာကနေတော့ မနက် ၇ နာရီကနေ ၉ နာရီကြားထဲ အင်မတန်ကျယ်ပြီး ပစ်ကြတာ။ ပစ်တဲ့ နေရာက လမြန်းပေါ့နော်။ နှစ်ဖက်တပ် ဟိုဘက် ဒီဘက် တပ်စွဲပြီး မျက်နှာချင်းဆိုင် နေနေကြတာ။ လှမ်းလည်း လှမ်းမြင်နေရတယ်။ အဲဒီ သူတို့ ပစ်လိုက် ရပ်လိုက် နားလိုက် အဲလိုမျိုး လုပ်နေကြတာလေ၊း။ ဘုန်းဘုန်းတို့ဘက်ကနေသွားရင်တော့ အဲဒီရွာကို ၁၀ မိနစ်၊ ၁၅ မိနစ်။ ဒီဘက်လည်း သက်ရောက်မှု အတော်ရှိတာပေါ့လေ။ ထိတ်လန့်ကြတာပေါ့။ ရှောင်ရမှာလား။ အဲလို အနေအထားပါပဲ” ဟု ဆရာတော်က မိန့်သည်။
ထို့အပြင် ယနေ့ နံနက် ၈ နာရီခွဲခန့်တွင်လည်း မြစ်ကြီးနားမြို့၊ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများ ၁၀ ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု မြစ်ကြီးနားဒေသခံတစ်ဦးကပြောသည်။
“အသံတော့ ကြားရတယ်။ ဝိုင်းမော်ဘက်က ဘယ်မှာဖြစ်လဲတော့ သေချာ မသိဘူး။ မြစ်ကြီးနားကနေကော ပစ်နေတယ်။ ဒီမနက် ၈ ခွဲလောက်မှာ လက်နက်ကြီးသံကတော့ ဆယ်ချက်လောက်တောင် မကဘူး။ ကြားမိတယ်” ဟု အဆိုပါ ဒေသခံမှ ပြောသည်။
မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ခံစားနေရခြင်းကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ကချင်လွတ်မြောက်ရေးတပ်မတော် KIA သည် ဧပြီလ ၂ ရက်မှစတင်ကာ ၂၂ ရက်အထိ ခုခံကာကွယ်ခြင်းမှအပ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား ရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ထားသည်။
ထို့အပြင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကလည်း ဧပြီ တစ်လလုံး စစ်ကောင်စီအား ထိုးစစ်ဆင်မည် မဟုတ်ဟု ထုတ်ပြန်ထားသည်။
သို့သော် စစ်ကောင်စီသည် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်သွားသည့် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများ မြင့်တက်နေသော်လည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။