စစ်ကိုင်းတိုင်းကငလျင်ဒဏ်ခံစားရသည့်ပြည်သူများအတွက် ရေ၊ အာဟာရပြည့်ဝသည့်အစားအစာများ၊ ခြင်ထောင်၊ မိုးကာ၊ ယာယီတဲ၊ ခြင်ဆေး၊ မြွေအဆိပ်ဖြေဆေးများ လိုအပ်သည်ဟု ဒေသအတွင်း ကူညီကယ်ဆယ်ရေးလုပ်နေ သူများမှ ပြောသည်။
ထိုအပြင် မြန်မာနိုင်ငံတွင် မုန်တိုင်းကျရောက်နိုင်ခြေရှိသည်ဟု ကြေညာထားခြင်းကြောင့် ကားလမ်းမပေါ်နှင့် ကွင်းပြင်များတွင် အမိုးအကာမဲ့ အိပ်စက်နေရသူများမှာ မိုးကာများနှင့် ယာယီတဲများ လိုအပ်နေသည်ဟု သိရသည်။
“မိုးရွာပြီးမုန်တိုင်းလာဖို့ဖြစ်နေတော့လှုမဲ့ဟာတွေထဲကလေဆေးတွေမလိုတော့ဘူး။ညီမလေးတို့ဆိုဘောလုံးကွင်းထဲအိပ်ရတယ်။ လူအကုန်လုံးလဲလမ်းပေါ်တွေအိပ်နေရတာညီမလေးတို့ရွက်ဖျင်တဲတွေလိုနေတာ”ဟု အသက် ၂၉ နှစ် အရွယ် စစ်ကိုင်းဒေသခံ အမျိုးသမီးတစ်ဦးမှ ပြောသည်။
လက်ရှိအချိန်ထိ စစ်ကိုင်းမြို့တွင် ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်နေခြင်းကြောင့် ပြိုပျက်သွားသည့် အဆောက်အအုံများအား အလုံးစုံ မရှင်းလင်းနိုင်သဖြင့် အပုတ်နံ့များထွက်နေပြီး သန့်ရှင်းသောရေ ရရှိရန်ခက်ခဲခြင်း၊ ခြင်အန္တရာယ်နှင့် မြွေအန္တရာယ်တို့ကို ကြုံတွေ့နေရသည်ဟု ဒေသအတွင်း ကူညီကယ် ဆယ်ရေးလုပ်နေသည့် စစ်ကိုင်းဒေသခံ အမျိုးသမီးတစ်ဦး မှ ပြောသည်။
“ရေကိုများများလှူစေချင်တယ်။ ကျွန်တော်တို့မှာ သောက်သုံးစရာ ရေကရှားပါးနေတယ်။ အစာအာဟာရ ဖြစ်မဲ့ဟာတွေ လှူစေချင်တယ်။ နေ့တိုင်းရတာကတော့ ခေါက်ဆွဲခြောက်တို့ ကြာရင် ရောဂါရနိုင်တယ်။ ခေါက်ဆွဲခြောက်တွေထက် အာဟာရဖြစ်စေမဲ့ အစားအစာတွေ လှူစေချင်ပါတယ်” ဟု အဆိုပါ အမျိုးသမီးမှ ပြောသည်။
၎င်းက ဆက်လက်၍ “စစ်ကိုင်းမှာ မြွေအဆိပ်ဖြေဆေးလိုအပ်ပါတယ်။ မနေ့က လူ ၈ ယောက်ထိထားပါတယ်။ မြွေအဆိပ်ဖြေဆေး တောင်းထားတယ်။ ရောက်တော့ မရောက်သေးဘူး။ ပြည်သူအချင်းချင်းပဲ အကူအညီ တောင်းထားတာပါ” ဟု ပြောသည်။
မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် စစ်ကိုင်းမြို့မှာ မြို့ပျက်သဖွယ် ဖြစ်နေပြီး မန္တလေးမြို့နှင့် ဆက်သွယ်ထားသည့် စစ်ကိုင်းတံတား၏ အပိုင်း ၆ ခု ကျိုးခဲ့ခြင်းကြောင့် ရှင်းလင်း ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ကရိန်းကားများအား သယ်ဆောင်နိုင်ခဲ့မရှိသေးပေ။
ထိုကြောင့် ဒေသတွင်း ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ကိုင်များအား ကိုယ်ထူကိုယ်ထစနစ်ဖြင့် တစ်နိုင်တပိုင် ရှင်းလင်းနေရပြီး လက်ရှိအချိန်ထိ စစ်ကိုင်းတောင်ရိုးတွင် ပျက်စီးသွားသည့် အဆောက်အအုံများအားလည်း ရှင်းလင်းနိုင်ခြင်းမရှိသေးဟု သိရသည်။
“စစ်ကိုင်းတံတားကလည်း ကျိုးသွားတော့ ကရိန်းကားတွေ သယ်လို့မရဘူး။ ရှင်းလင်းရေးက ကိုယ်ထူကိုယ်ထ လုပ်နေရတာ။ မရှင်းလင်းနိုင်သေးတာတွေ အများကြီးရှိတော့ မြို့က အပုတ်နံ့ထွက်နေတယ်” ဟု အသက် ၂၉ နှစ် အရွယ် စစ်ကိုင်းဒေသခံ အမျိုးသမီးတစ်ဦးမှ ပြောသည်။
ငလျင်ကြောင့် စစ်ကိုင်းမြို့လယ်ရှိ မြို့မဈေးအနီးတဝိုက်ရှိ အဆောက်အအုံများ၊ ကောင်းမူတော်အနီးမှ အဆောက်အအုံများ၊ စစ်ကိုင်းတောင်ပေါ်မှ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများနှင့် ဗလီများ ပျက်စီးသွားခဲ့ပြီး သေဆုံးသူ ၂၀၀ ခန့်မှ ၅၀၀ ဝန်းကျင်ခန့် အထိ ရှိသည်ဟု ဒေသခံများမှ ခန့်မှန်းကြသည်။